အလုပ်သမားခေါင်းဆောင်၂ ဦး ထုတ်ပယ်ခံရ

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုမျိုးဇော်ထွန်းနဲ့ မိမိတို့ ၂ ဦးကို Essar ကုမ္ပဏီက ဒီကနေ့ အလုပ်က ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုထွန်းသိန်းက RFA ကိုပြောပါတယ်။

2012.08.14
sittwe-worker-strike-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း အလုပ်သမားများ လုပ်ခလစာတွေ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေစဉ်။
RFA

"ကျွန်တော်တို့ကို ဒီနေ့ Eassar ကုမ္ပဏီက အပြီးအပိုင် အလုပ်ထုတ်လိုက်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ပြောပါတယ်။ မင်းတို့ တောင်းဆိုချက်တွေ ငါတို့ မပေးနိုင်ဘူး။ မင်းတို့ ဒီမှာလုပ်ချင်လုပ် မလုပ်ချင်နေ ကျွန်တော်တို့ ပုံမှန်ပဲ ပေးမယ်လို့ ပြောပါတယ်"

စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ဒေသခံ နေ့စား အလုပ်သမား စုစုပေါင်း ၁၅၀ လောက် ရှိနေပြီး လုပ်ခလစာတွေကို လကုန်ပြီးပြီးချင်း ထုတ်မပေးဘဲ အလုပ်သမား တာဝန်ခံတွေက အလုပ်သမားတွေကို (၁၅) ကျပ် အတိုးနှုန်းနဲ့ ငွေတိုး ချေးစားနေခဲ့ကြောင်းနဲ့ မူရင်းလစာတွေကို လကုန်ပြီး နောက်လ ၁၈ ရက် ဝန်းကျင်လောက်ကျမှ ထုတ်ပေးလေ့ရှိကြောင်း သိရပါတယ်။

လစာပေးတဲ့အခါမှာ ရာထူးချင်း၊ အလုပ်လုပ်ရပုံချင်း တူပေမယ့် လစာငွေက ကုမ္ပဏီ လူကြီးပိုင်းရဲ့ သဘောဆန္ဒအလျောက် သုံးဆလောက် ကွာဟမှု ရှိတယ်လို့လည်း ကိုထွန်းသိန်းက ပြောပါတယ်။ ဒါ့အပြင် အဲဒီလုပ်ခ လစာတွေကိုလည်း Eassar ကုမ္ပဏီက လစဉ် ၆ ရာခိုင်နှုန်း ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းဟာ မြန်မာ အိန္ဒိယ ဆက်သွယ်မယ့် ကုန်သွယ်ရေး လမ်းကြောင်းသစ်မှာ အချက်အချာကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) အကုန်အကျခံ တည်ဆောက်နေတာ ဖြစ်ပြီး လက်ရှိမှာ လုပ်ငန်း ၄၅ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။