သောက်သုံးရေရှားတဲ့ ဒေသတွေကို P&G နှင့် USAID တို့က ရေလှူမည်


2013.05.27
chelsea-clinton-305.jpg သောက်သုံးရေကူညီမယ့် P&G နဲ့ USAID တို့ရဲ့ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတဟောင်း Bill Clinton ရဲ့ သမီး Chelsea Clinton က မိန့်ခွန်းပြောနေစဉ်
photo: RFA/ Moe Thu Aung

လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ သောက်သုံးရေ ရှားပါးတဲ့ ဒေသတွေအတွက် ရေသန့်လီတာပေါင်း အနည်းဆုံး သန်း ၂၀၀ ကို အမေရိကန်နိုင်ငံ အခြေစိုက် ပီအမ်ဂျီ Procter & Gamble ကုမ္ပဏီနဲ့ အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID တို့က ပူးပေါင်းကူညီ လှူဒါန်းသွားမယ်လို့ ပီအမ်ဂျီ နဲ့ USAID အဖွဲ့တို့က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ P & G နဲ့ USAID တို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ မှာ သောက်သုံးရေရှားပါးတဲ့ ဒေသတွေကို ကူညီမယ့်အကြောင်း ရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး၊ အဲဒီသတင်းစာရှင်းလင်းပွဲမှာ အမေရိကန် သမ္မတဟောင်း Bill Clinton ရဲ့ သမီး Chelsea Clinton လည်း သူ့ဖခင်တည်ထောင်ထားတဲ့ Clinton Global Initiative အဖွဲ့ကိုယ်စား တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အခမ်းအနားဟာ P & G ကုမ္ပဏီက တကမ္ဘာလုံးမှာ သောက်သုံးရေသန့် ၆ ဘီလီယံ လီတာမြောက်ကို ပေးအပ်လှူဒါန်းတဲ့နေ့လည်းဖြစ်ပြီး၊ အဲဒီ ၆ ဘီလီယံ လီတာမြောက် သောက်သုံးရေသန့်ကိုတော့ ဧရာဝတီတိုင်း ပုသိမ်မြို့နားက ဂွေးတောက်ချောင်းရွာမှာ Chelsea Clinton က မနေ့က သွားရောက်လှူဒါန်းခဲ့တာပါ။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အတော်များများမှာ သန့်ရှင်းတဲ့သောက်သုံးရေရှားပါးမှု ရင်ဆိုင်နေရသလို၊ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း အလားတူသောက်သုံးရေရရှိမှု ခက်ခဲနေတာတွေ့ရတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့အခမ်းအနားကို အမေရိကန်သံအမတ်ကြီး Derek Mitchell အပြင် Clinton Global Initiative (CGI), World Vision, USAID, Procter & Gamble တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။