ရန်ကုန်မြို့ ရေဖူလုံရေးအတွက် ဒေါ်လာသန်း ၁၈၀ ချေးယူမယ့်ကိစ္စ လွှတ်တော်အတည်ပြု
2020.07.24
ရန်ကုန်မြို့ရေဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ၊ အမေရိကန် ဒေါ်လာသန်း ၁၈၀ ချေးယူမယ့်ကိစ္စကို၊ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငမိုးရိပ်ဆည်ကရေကို၊ မြေသားရေကော်တူးမြှောင်းနဲ့ ရယူနေတာအစား ရေပိုက်လိုင်းနဲ့ အစားထိုးရယူဆောင်ရွက်နိုင်ဖို့ဆောင်ရွက်ရာမှာ ဒီချေးငွေကို အသုံးပြုမှာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ ရန်ကုန်ကို နေ့စဉ်ရေပေးဝေနေတဲ့ ရေဂါလံပေါင်း သန်း ၂၀၅ ရှိပြီး၊ ရေပမာဏရဲ့ ၆၆ ရာခိုင်နှုန်းကို ငမိုးရိပ်ဆည်က ရယူနေတာဖြစ်ပါတယ်။
ရန်ကုန်လူထုကို ထောက်ပံ့နိုင်မယ့်၊ သန့်ရှင်းတဲ့ရေ ရရှိဖို့အတွက် ငမိုးရိပ်ဆည်ရေကို ရေသန့်စက်ရုံကို သယ်ယူရာမှာ၊ မြေသားရေပေးမြောင်းကို အသုံးပြုရတာကြောင့်၊ တိရိစ္ဆာန်အညစ်အကြေးနဲ့ တခြား အညစ်အကြေးတွေ ပျ်ောဝင်လေ့ရှိတယ်လို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒါ့ကြောင့် မြေသားရေပေးမြောင်းကို ရေပိုက်လိုင်းနဲ့ အစားထိုးဆောင်ရွက်တဲ့နေရာမှာ အခုချေးငွေကို အသုံးပြုမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသွားပါတယ်။
ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ၊ ၂၀၂၀ ဒီဇင်ဘာလကနေ ၂၀၂၅ ဒီဇင်ဘာလအထိ ငါးနှစ်ကြာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်ပချေးငွေနဲ့ ဆောင်ရွက်နေတဲ့စီမံကိန်း ငါးခုရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၂၀၀ ချေးယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။