ပလက်ဝ စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရကူညီထောက်ပံ့


2019.07.28
paletwa-aids-622 ပလက်ဝမြို့နယ်ရှိ ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ ပေးအပ်စဉ်။
(Photo: Salai Isaac Khen facebook)

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၃ဝဝ နီးပါးအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ စားသောက်ကုန် ပစ္စည်းတွေကို ပြည်ထောင်စု အစိုးရနဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းပြီး မနေ့က ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

စားသောက်ကုန်ပစ္စည်းတွေအပြင် ကျောင်းသကျောင်းသားတွေအတွက် ကျောင်းဝတ်စုံတွေကိုလည်း ကူညီပံ့ပိုးပေးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က RFA ကို ပြောပါတယ်။

ချင်းပြည်နယ်ဒေသခံတွေ အပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့တို့ရဲ့ အလှူငွေ ကျပ်သိန်း ၂၃ဝဝ ကျော်ကို ဒုက္ခသည်တွေ အတွက် မနေ့က ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း ပြည်နယ်အစိုးရအနေနဲ့ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ဆန်အိတ် ၆ဝဝ ကျော်နဲ့ အိုးခွက်ပန်းကန်တွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ဝန်းကျင် ရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တိုက်ပွဲကာလ ကြာရှည်နေမယ်ဆိုရင် ပလက်ဝမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု စီစဉ်ပေးဖို့ အလွတ်သဘော ပြောဆိုဆွေးနွေးတာတွေ ရှိကြောင်းလည်း ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ အခက်အခဲအားလုံးကို အစိုးရတစ်ခုတည်းက ဖြေရှင်းဆောင်ရွက်ပေးဖို့ ခက်ခဲပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ စေတနာရှင်တွေ ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခသည်တွေကို အပြည့်အဝ ကူညီထောက်ပံ့နိုင်မှာဖြစ်ကြောင်းလည်း ဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ မဖြစ်ဖို့ တပ်မတော်နဲ့ AA အဖွဲ့တွေကို ချင်းတိုင်းရင်းသားတွေနဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဆန္ဒပြတောင်းဆိုတာတွေ ရှိနေပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။