ပလက်ဝမှာ စားသောက်ကုန်ဈေး နှစ်ဆကျော်မြင့်တက်နေ

RFA Burmese
2023.06.26
ပလက်ဝမှာ စားသောက်ကုန်ဈေး နှစ်ဆကျော်မြင့်တက်နေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာ ဆန်၊ ဆီနဲ့ ကြက်သွန်စတဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှစ်ဆလောက်တက်သွားပြီး ဆန်တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀ အထိဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ကို ရခိုင်ပြည်နယ်ကနေသွားတဲ့ ရေကြောင်းလမ်းနဲ့ ပခုက္ကူ - မတူပီ - ပလက်ဝကားလမ်းဆိုပြီး အဓိကလမ်းကြောင်းနှစ်ခုရှိပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီနောက်ပိုင်း ပခုက္ကူ - မတူပီ - ပလက်ဝကားလမ်းဟာ တိုက်ပွဲတွေကြောင့်သွားလာလို့ မရ‌တော့တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော် ကနေသွားတဲ့ ရေလမ်းကြောင်းတစ်ခုတည်းကိုပဲ အားကိုးနေရတာဖြစ်ပါတယ်။

ဒါ့အပြင် ကုန်စည်သယ်ယူဖို့ စစ်ကောင်စီတပ်ရဲ့ ထောက်ခံစာယူရတဲ့အပြင် သယ်သွားတဲ့ ကုန်ပစ္စည်းတွေအပေါ် ပိုက်ဆံပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မိုးတွင်းကာလမှာ လမ်းခရီးအခက်အခဲပါ ထပ်ကြုံရတာကြောင့် ကုန်ဈေးတွေ မြင့်တက်လာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

''စစ်‌တပ်မှာ ထောက်ခံစာယူရတယ်၊ ပစ္စည်းအမျိုးအစားအလိုက် ပိုက်ဆံတောင်းတယ်။ တချို့ကတော့ အဆင်ပြေတဲ့လမ်းကြောင်းတွေကနေ အဆင့်ဆင့်သယ်ကြတယ်။ ပြည်မမှာ ဆန်တစ်အိပ်ကို ၈၀၀၀၀ နဲ့ရတဲ့ဟာကို ဆမီးမြို့မှာ ၁၈၀၀၀၀ ဖြစ်သွားတာပေါ့"

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၃ ခုနှစ်က ဆန်တစ်အိတ်ကို ကျပ် ၈၀,၀၀၀၊ စားအုန်းဆီတစ်ပိဿာကို ၁,၅၀၀၀ ကျပ်၊ ကြက်ဥသုံးလုံး ၁,၀၀၀ ကျပ်နဲ့ ဝယ်လို့ရခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ဆဝန်းကျင် ဈေးတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။