ပုလဲမြို့နယ်မှာ တစ်လအတွင်း ရွာ ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2023.02.01
ပုလဲမြို့နယ်မှာ တစ်လအတွင်း ရွာ ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်ကန်ရွာ၊ သရက်လှရွာ၊ ရွာသစ်၊ သာစည်ရွာ၊ ဆူးပုတ်ကုန်း၊ ညောင်ရင်းကုန်းရွာ၊ ကြောင်ဝန်ဒူးရွာ၊ အောင်ချမ်းသာ၊ သပြေအေး၊ ကိုးပင်၊ ချောင်းနား၊ သပြေကုန်း၊ ထန်းတောတိုက်၊ မြေနီကုန်း၊ မင်းတိုင်ပင်၊ နှောကံ၊ လက်ပုကန်၊ ကြောင်သန်း၊ ကုက္ကိုကုန်း၊ မြကုန်း၊ အိုင်ရောင်း၊ မင်းမရွာ၊ ညောင်ပင်သာ၊ အိုးဘို၊ မကျည်းကုန်း စတဲ့ ရွာပေါင်း ၂၀ ကျော်ကနေ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းမအရှေ့ရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ဘေးတိမ်းရှောင်ရင်း အမောဖောက်သေဆုံးခဲ့သလို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အိုင်ရောင်းရွာက အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ညောင်ပင်သာရွာအနီးမှာ အင်အား ၈၀ ပါ စစ်ကြောင်းနဲ့ မြန်မာ့တော်ဝင်နဂါး တပ်တော် (MDRA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး MDRA တပ်ဖွဲ့ဝင်ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်နက်ကြီးတွေ မှန်ထားတဲ့ ဦးခေါင်းတွေလည်း တွေ့တယ်ပေါ့။ တချို့ဆို ခေါင်းတောင်အစုံမပါဘူးဆိုတော့ လက်နက်မှန်ပြီးမှ ဦးခေါင်းအဖြတ်ခံရတယ်လို့ ယူဆရတာပေါ့နော်။ ခေါင်းတခြား ကိုယ်တခြား တွေ့ရတယ်။ ညောင်ပင်သာရွာနဲ့ ဆင်ရှင်ရွာကြားက လယ်ကွက်တွေမှာပေါ့"

စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ မြေနီကုန်းရွာက နေအိမ် ၁၁ လုံးကိုလည်း ဝင်ရောက်မီးရှို့ ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကတည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ လူဦးရေခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။