ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးရ

RFA Burmese
2024.02.22
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Pale Entertainment

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကြောင်သန်းရွာကို အင်အား တစ်ရာနီးပါးပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ကိုးနာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ကြောင်သန်းရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်နေချိန် ရွာနဲ့ နှစ်ဖာလုံအကွာက စေတီယုံရွာမှာရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံတွေ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်း ရွာထဲဝင်ရောက်စီးနင်းချိန် အလှူပွဲမှာ ရောက်ရှိနေတဲ့ ဒေသခံ သုံးဆယ်ဝန်းကျင်လည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတာ ရှိ မရှိကိုတော့ လတ်တလော မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“အလှူ့ ဒါယိကာမနဲ့ အလှူကိုရောက်နေတဲ့ သူတော်တော်များများကို ဖမ်းလိုက်တယ်လို့ ကြားတယ်။ ဒီနေ့ မနက်ခင်းမှာတော့ သေနတ်တွေပစ်ဖောက်ပြီး အနောက်ဘက်ကိုဆက်ထွက်လာရင်း အိုးဘိုရွာကိုရောက်နေပြီလို့ ကြားတယ်။ သူတို့နဲ့အတူ ကြောင်သန်းရွာက ဖမ်းဆီးခံရတဲ့ဒေသခံတွေ တစ်ခါတည်း ခေါ်သွားတာလား၊ ပြန်လွှတ်ပေးလိုက်လားတော့ မသိရသေးဘူး”

အဲဒီစစ်ကြောင်းဟာ ကြောင်သန်းရွာ အနောက်ဘက် ငါးမိုင်အကွာက အိုးဖိုရွာကိုရောက်ရှိနေပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေကတော့ စိုးရိမ်စိတ်နဲ့ ရွာထဲကို ပြန်မလာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း‌ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး ပုလဲမြို့ပေါ်ကထွက်လာတဲ့ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ ကြောင်သန်းရွာ အပါအဝင် မြို့အနောက်ဘက်ခြမ်းက ရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။