ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး စီးနင်းခံရပြီးနောက် အလောင်း ၁၁ လောင်းတွေ့

2022.10.28
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး စီးနင်းခံရပြီးနောက် အလောင်း ၁၁ လောင်းတွေ့ ပုလဲမြို့နယ် ဖလံပင်ရွာကို Google Earth မှတွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး (ပ.အ.ဖ) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးစိုက်တဲ့နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၇ ရက် မနေ့က သွားရောက်ရှင်းလင်းရာမှာ ပစ်သတ်ခံထားရတဲ့ အလောင်း ၁၁ ကိုတွေ့ရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။

ပုလဲမြို့နယ် ဖလံပင်ရွာနားမှာ အခြေစိုက်ထားတဲ့ အဲဒီရုံးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက်နေ့မှာ လေကြောင်း၊ ကြည်းကြောင်းနဲ့ ဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပြီး စစ်ကြောင်း မရှိတော့တဲ့အချိန် အောက်တိုဘာလ ၂၇ ရက် မနေ့က ဝင်ရောက် ရှင်းလင်းခဲ့ရာမှာ ရုပ်အလောင်းတွေကို တွေ့ရတာလို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ မနေ့ကတည်းက နယ်မြေရှင်းလင်းရေးလုပ်တယ်။ ပ.အ.ဖ၊ ပ.က.ဖ ရုံးစိုက်ရာ ရုံးထဲမှာ ရုံးအဆောက်အအုံတွေ မီးရှို့တာနဲ့အတူ အလောင်း Death Body ၁၁ ခုတွေ့တယ်။ အဲဒီ ၁၁ ခုက ကလေးရဲ့ ရုပ်အလောင်းတွေပါတယ်။ အနေအထားကတော့ အဲဒါ နောက်ဆုံး တွေ့ရှိချက်ပေါ့နော်။ အဓိက အချုပ်သား တွေရယ်၊ ရာဇဝတ် အကျဉ်းသားတွေရယ်ကို စစ်ကောင်စီက ပစ်သတ်သွားတယ်လို့ ခိုင်ခိုင်မာမာ ယူဆတယ်”

သေဆုံးသူတွေဟာ အဲဒီရုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားတဲ့ အချုပ်သား၊ အကျဉ်းသားတွေဖြစ်ပြီး ကျား၊ မ အသက်အရွယ်နဲ့ နာမည်တွေကိုတော့ ထပ်မံ စိစစ်ဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အချုပ်သားတွေကို လွှတ်ပေးခဲ့ပေမယ့် ရုံးကိုဝင်ရောက်စီးနင်းတဲ့ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရတာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရုံးကို ဝင်စီးတော့ အချုပ်သားတွေကို လွှတ်ပြီးကားပေါ် တင်ပေးလိုက်တာ။ အဲဒီမှာ လေယာဉ်ကချထားတဲ့ စစ်ကြောင်းနဲ့ သွားတိုးတာ အဲဒီအချုပ်သားတွေကို စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်ပစ်တယ်။ အဲဒီကတည်းက သေတာလို့လည်း ယူဆနေတယ်။ သူတို့ပစ်ပြီးတော့ မသေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကိုတော့ နမခကို ရဟတ်ယာဉ်နဲ့သယ်သွားတာ”

စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပုလဲမြို့နယ် ဖလံပင်ရွာ၊ မြောက်ယမား ဆည်အနီးက PDF စခန်းကို စီးနင်းစဉ် ဖမ်းဆီးခံထားရတဲ့ စစ်တပ်အရာရှိ တစ်ဦးရဲ့ ဇနီးသည်အပါအဝင် အမျိုးသမီး ခုနစ် ဦး၊ ကလေး လေးဦး၊ အမျိုးသား ၁၅ ဦး၊ စုစုပေါင်း ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဝင်ရောက်စီးနင်းတဲ့အချိန် PDF တပ်ဖွဲ့တွေက ထွက်ပြေးစဉ် ရုံးဆောက်အအုံကို ဖောက်ခွဲခဲ့လို့ ဖမ်းဆီးခံထားရသူတွေ ဒဏ်ရာခဲ့ပြီး ဆေးကုသမှုတွေ ဆောင်ရွက် ပေးနေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ရုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ထိန်းသိမ်းထားတာလို့ တုံ့ပြန်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးထံ ဆက်သွယ် မေးမြန်းဖို့သာ ပြန်လည် ဖြေဆိုပါတယ်။

ဝင်ရောက်စီးနင်းတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အဲဒီနေ့မှာပဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖလံပင်ရွာနဲ့ သဲပြင်ကျယ် ရွာတွေကို မီးရှို့သွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနေ့ကလည်း ပုလဲမြို့နယ် သဲပြင်ကျယ်ကျေးရွာနဲ့ အိုင်းမကျေးရွာ အကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ် ခဲ့တာကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာမရှိသေးဘဲ မီးရှို့ခံရတဲ့ ဖလံပင်ရွာနဲ့ သဲပြင်ကျယ်ရွာတွေက မီးလောင်တဲ့နေအိမ်တွေကို ရှင်းလင်းတာနဲ့ အိမ်အရေအတွက် စာရင်းပြုစုတာတွေ လုပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

ပုလဲမြို့နယ်နဲ့ နယ်မြေချင်း တစ်ဆက်တည်းဖြစ်တဲ့ ယင်းမာပင်မြို့နယ် ရွှေလှံရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) အဖွဲ့ဝင် PDF ကိုးဦးနဲ့ အရပ်သားတစ်ဦး၊ စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ကတော့ စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁,၅၁၂ ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။