တအာင်း အမျိုးသမီး သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်းရ


2016.06.27
trained-to-torture-620.jpg တအာင်းအမျိုးသမီးအဖွဲ့ရဲ့ "ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ" အစီရင်ခံစာကို တွေ့ရစဉ်
Photo: http://en.palaungwomen.com

အစိုးရတပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအကြောင်း ရေးသားပြုစု ထားတဲ့ "ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ" အစီရင်ခံစာ ထုတ်ပြန်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုတာကြောင့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ရကြောင်း  တအာင်းအမျိုးသမီး အဖွဲ့အစည်းက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ပြင်ဆင်ခဲ့ရာမှာ တိုင်းအစိုးရက သတိပေးတဲ့အတွက် ကျင်းပခွင့်မပြုနိုင်ကြောင်း ဟိုတယ်ဘက်က အကြောင်းပြန်လာတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းက မဒီဒီပိုးစေင်က ပြောပါတယ်။

"Orchid Hotel က ပြောတာတော့ တိုင်းအစိုးရက သူတို့ကိုသတိပေးတယ်၊ ဒါမျိုးကိစ္စကို ခွင့်ပြုလို့မရဘူး ဆိုတဲ့ဟာမျိုးရှိတယ်၊ ကျမတို့အမြင် ဟိုတယ်က ဖိအားပေးခြင်းခံရတဲ့ အပိုင်းတွေရှိတာပေါ့နော်၊ Excel Hotel ကျတော့ ပွဲမိန့်မပါရင် ကျင်းပခွင့်မရဘူး၊ ခါတိုင်းလည်း သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေတာပဲ၊ ဒါဘာပြဿနာမှ မရှိဘူး၊ ဘာမှပွဲမိန့်မရှိဘူး၊ တောင်းခံစရာလည်း မလိုဘူးပေါ့နော်"

"ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ" လို့ အမည်ပေးထားတဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ ကနေ ဒီနှစ် မတ်လအထိ ငါးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဒေသခံ ၁၀၀ ကျော်ကို မေးမြန်းပြီး ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ် ပါတယ်။

အဲ့ဒီအစီရင်ခံစာဟာ အစိုးရတပ်မတော်က ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖိနှိပ်မှုတွေရှိနေတာကို ရေးသားထားတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ဒေသခံတွေ အပေါ် ဖိနှိပ်မှုတွေရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်ဖို့လည်း စီစဉ်နေတယ်လို့ မဒီဒီပိုးစေင် က ပြောပါတယ်။

အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်ရုံးတွေ ထံ ပေးပို့သွားမှာဖြစ်ပါတယ်။

တအာင်းအမျိုးသမီး အဖွဲ့အစည်းက မဒီဒီပိုးစေင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။