သာကေတဈေးရှေ့ ဗုံးကွဲ ကလေး ၂ ဦး ဒဏ်ရာရ
2013.10.14
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက် အခွန်လွတ်ဈေးရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။
ညနေ ၆ နာရီလောက်က အခွန်လွတ်ဈေးရှေ့ ရပ်နားထားတဲ့ သစ်လုံးတင်ယာဉ်တစီးရဲ့ နောက်တွဲအောက်က အိတ်တစ်လုံးထဲမှာရှိတဲ့ ချိန်ကိုက်ဗုံးရဲ့ နာရီလက်တံကို အသက် ၁၄ နှစ်အရွယ်လောက် ကလေးနှစ်ဦးက လှည့်ကြည့်ခဲ့ရာကနေ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့ သူကပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ မနက် စောစော ၁ နာရီလောက်ကလည်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းက ကားရပ်နားရာနေရာတခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။
အောက်တိုဘာလ ၁၁ ရက်နေ့ ညဦးပိုင်းကလည်း တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ပါတယ်။