မျိုးစောင့်ဥပဒေကြမ်းနှစ်ခု ပြည်သူ့ လွှတ်တော် အတည်ပြု


2015.03.21
parliament-305.jpg လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
photo: RFA/ Win Naung Toe

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကတောင်းဆိုထားတဲ့ မျိုးစောင့် ဥပဒေမူကြမ်း ၄ ခုထဲက လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေမူကြမ်းနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွေကို ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ် ရက်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေနှစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်း သားပါတီတချို့နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ပေမဲ့၊ ထောက် ခံမဲ ၂၀၀၊ ကန့်ကွက်မဲ ၄၀၊ ကြားနေမဲ ၃ မဲ တို့နဲ့ အတည်ပြုလိုက်တာ လို့သိရပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဆီးဒေါစာချုပ်အပါအဝင် အခြားနိုင်ငံတကာဥပဒေတွေကို သဘောတူ လက်မှတ်ထိုးထားတဲ့အပြင်၊ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်နဲ့ပါ မကိုက်ညီတဲ့အတွက် NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က RFA ကိုပြောပါတယ်။

"NLD က ကိုယ်စားလှယ်အားလုံးကတော့ ကန့်ကွက်တာဖြစ်ပါတယ်၊ ဒါကလဲမြန်မာ ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်က ၁၉၅၄ အထူးထိမ်းမြား လက်ထပ်ခြင်းဥပဒေရှိပြီးသားဖြစ်တဲ့ အတွက် ခေတ်နဲ့ အညီပြောင်းလဲဖို့လိုတဲ့အပိုဒ်လေးတွေကို ပြောင်းလဲလိုက်ရင် သင့်လျော်တယ်ဆိုတဲ့အနေနဲ့ အသေ အချာဆွေးနွေးပြီးမှ လွှတ်တော်ကိုတင်တာဖြစ်ပါတယ်၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ကျတော့လည်း NLD ကိုယ်စားလှယ် အားလုံးကကန့်ကွက်ပါတယ်၊ ဒီဥပဒေကို ကန့်ကွက်ရတဲ့အကြောင်း ကတော့ ကမ္ဘာ့ကုလအဖွဲ့ဝင်နိုင်ငံလည်းဖြစ်တယ်၊ နိုင်ငံတကာ စာချုပ်တွေမှာလဲ လက်မှတ်ထိုးပြီး သားဖြစ်နေပြီ၊ နောက်တစ်ခုကမြန်မာနိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပဲုအခြေခံဥပဒေအပိုဒ် ပုဒ်မ ၃၅၁၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၄၇ ဒါတွေနဲ့အကုန်ငြိနေတယ် ဆိုတာတင်ပြဆွေးနွေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါ တယ်လို့ပဲပြောချင်ပါတယ်"

အမျိုးသားလွှတ်တော်က အထက်ပါဥပဒေနှစ်ခုကို ပြီးခဲ့တဲ့လကတည်းက အတည်ပြုခဲ့ ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကွယ်ရာဘာသာမတူသူတွေ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို အမျိူးသားလွှတ်တော်မှာ မကြာခင်ဆွေးနွေး မယ်လို့လည်း သိရပါတယ်။ တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေကိုတော့ လွှတ်တော်နှစ်ရပ်စလုံးမှာ ဆွေးနွေးခြင်း မရှိသေးပါဘူး။

လွှတ်တော်နှစ်ရပ်လုံးကအတြည်ပုလိုက်တဲ့ အခု ဥပဒေမူကြမ်း ၂ ခုကို ပြည်ထောင်စု လွှတ်တော်မှာထပ်မံ ဆွေးနွေး အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ က လက်မှတ်ထိုးတဲ့အခါ တရားဝင်ဥပဒေ ဖြစ်လာပါလိမ့်မယ်။

မျိုးစောင့်ဥပဒေမူကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက် ဆွေးနွေးခဲ့ပေမဲ့၊ လွှတ်တော်ကမဲအများစုနဲ့ အတည်ပြုခဲ့တဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။