ကလေးငယ်သေဆုံးရမှု ပခုက္ကူမြို့မှာ လူ ၂ဝဝ ကျော်ဆန္ဒပြ
2015.05.16
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံမှာ လေးနှစ်အရွယ် ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မကျေနပ် တဲ့ ဒေသခံ ၂ဝဝ ကျော်လောက်က ပခုက္ကူမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
သေဆုံးသူရဲ့ ဦးလေးဖြစ်သူ ဦးဝင်းခိုင်က ဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် သေဆုံး ခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။
"ကျနော်တို့ တူလေးကတော့ သေပြီးပြီ ပြန်လည်းမရှင်နိုင်တော့ပါဘူး၊ နောက်နောင်ပေါ့ ကျနော့်တူလေးလို အဖြစ်ဆိုးမျိုး ကျနော်တို့က နောင်အခါတွေမဖြစ်အောင်လို့ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒထုတ်ဖော်ရတာပါ၊ လမ်းတစ်လျှောက်မှာ ကျနော်တို့ကတော့ ဆရာ၊ ဆရာမများနဲ့ ဆရာမကြီးတို့က ခွဲခြားမဆက်ဆံပေါ့နော်၊ နောက် ဆေးရုံရဲ့အကျင့်ပျက်ခြစားနေတဲ့ အကျင့်တွေကို ဖျောက်ဖျက်ရေးပေါ့ ကျနော်တို့ အဲ့လိုကြွေးကြော်သံတွေနဲ့ပဲ ကျနော်တို့သွားတာပါ"
ပခုက္ကူမြို့ ဆုံကုန်းရပ်ကွက်မှာနေထိုင်တဲ့ လေးနှစ်အရွယ်ကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ထမင်းရည်ပူလောင်ခဲ့တာကြောင့် ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူခဲ့ရာ နောက်တစ်နေ့ မနက် ဆေးထိုးအပြီးမှာ သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။
အဲ့ဒီကလေးသေဆုံးမှုကြောင့် ဆေးရုံအုပ်နဲ့ တာဝန်ကျဆရာဝန်ကို သေဆုံးသူရဲ့ဖခင်က ပခုက္ကူမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။