အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ဦး အလုပ်ထုတ်ခံရ
2014.07.14
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ မိုးဟိန်းစက္ကူစက်ရုံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ဦးကို စက်ရုံက နစ်နာကြေးပေးပြီး ဒီနေ့ အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။
နစ်နာကြေးမယူဘဲ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုတဲ့အတွက် ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စက်ရုံတာဝန်ရှိသူတွေနဲ့ညှိနှိုင်းတာ ပြေလည်မှုမရကြောင်း အလုပ်ထုတ်ခံရတဲ့ သမဂ္ဂအတွင်းရေးမှူး ကိုကျော်စိုးဦးက ပြောပါတယ်။
"အလုပ်သမားတွေ အဆင်မပြေတာ အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မရဘူးပေါ့နော်၊ နောက်လစာ ညှိနှိုင်းမှုတွေမှာ အလုပ်ရှင်နဲ့ မပြေလည်တဲ့အပိုင်းတွေမှာ ဝင်ရောက်ဖြေရှင်းပေးတယ်၊ အဲဒီလို တချို့အကူအညီတောင်းလို့ ကျနော်တို့က အပြင်ထွက်ရတဲ့အခါကျတော့ စက်ရုံမှူးဆီမှာ ကျနော်တို့က ခွင့်ပြုချက်ယူရတယ်လေ၊ အဲဒါယူပြီးမှထွက်တယ်၊ သူ့ခွင့်ပြုချက်ယူပြီးမှ ထွက်တဲ့အတွက် ကျနော်တို့ဆီမှာ အပြစ်မရှိဘူး၊ အဲဒီအတွက် ကျနော်တို့က ဒီဟာကို နစ်နာကြေးကိုလည်း ကျနော်တို့ဆီမှာ အပြစ်မရှိတဲ့အတွက် အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုပါတယ်လို့ ပြောတာကို လက်မခံဘူး"
မိုးဟိန်းစက္ကူစက်ရုံက အလုပ်သမားသမဂ္ဂအဖဲ့ွဝင် ငါးဦးထဲက လေးဦးကို စက်ရုံအပြင်ထွက်တာများလို့ဆိုပြီး အလုပ်ထုတ်နစ်နာကြေး ၄ လစာပေးပြီး အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ Good Family အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၇ ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီးလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ညှိနှိုင်းရာ ၅ ဦးကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က သဘောတူခဲ့တယ်လို့ သိရပါတယ်။
အခုတလော စက်မှုဇုန်တွေမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ များလာတယ်လို့ သိရပါတယ်။