ပခုက္ကူ ရေနံပိုက်မီး အနည်းဆုံး ဆယ်ဦးသေဆုံး
2010.10.25
ကိန်းဂဏန်းအတိအကျကို အတည်ပြုနိုင်ဖို့ RFA က ဒေသခံ စစ်ဖက်အရာရှိ တဦးကို ဆက်သွယ်မေးမြန်းရာမှာ စိစစ်နေဆဲ ဖြစ်တယ်လို့သာ အခုလို ပြောဆိုသွားပါတယ်။
“ဟယ်လို အမိန့်ရှိပါခင်ဗျား၊ ကျနော် တပ်မ ၁၀၁ ကပါ ဗိုလ်မှူး သိုက်ထွန်းမောင်ပါခင်ဗျ၊ ဟုတ်ကဲ့ ကျနော်တို့ စိစစ်ဆဲပါပဲခင်ဗျ၊ နောက်ဆုံး အနေအထားကတော့ ပြောလို့ မရသေးပါဘူးခင်ဗျား၊ မြေပြင်မှာ သွားပြီး ကြည့်တုန်းပါခင်ဗျား၊ အဲဒီ အခြေအနေတွေအားလုံးကို ကျနော်တို့ စုံစမ်းဆဲပါပဲခင်ဗျ၊ လောလာဆယ်တော့ အတည်ပြုချက် မရသေးပါဘူးခင်ဗျား၊ ဟုတ်ကဲ့ပါ။”
အခင်းဖြစ်တဲ့နေရာကတော့ ပခုက္ကူမြို့အနောက်တောင်ဖက် မိုင်၂၀ ကျော်ကျော် မြစ်ခြေတိုက်နယ်နဲ့ ကျွန်းချောင်းတိုက်နယ် အတွင်းမှာရှိတဲ့ ညောင်နီပင်ကျေးရွာနဲ့ ညောင်လှ ကျေးရွာနှစ်ရွာအကြားမှာ ဖြစ်ပါတယ်။
အဲဒီရေနံပိုက်လိုင်းဟာ အောက်တိုဘာလ ၂၄ ရက်မနေ့က နေ့ခင်းပိုင်းကတည်းက ယိုစိမ့်မှုဖြစ်နေခဲ့ပြီး အနီးတဝိုက်က လူတွေက ယိုကျနေတဲ့ ရေနံတွေကိုသယ်ယူနေကြတုန်း ညဦးပိုင်းမှာ မီးလောင်ပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ဒေသခံပြည်သူတဦးက ခုလို ပြောပြပါတယ်။
“လေတွေ မိုးတွေနဲ့ဆိုတော့ မြေသား အတိမ်းအစောင်း ဖြစ်မယ်ထင်ပါတယ်၊ အပေါက်ဖြစ်ပြီးတော့ ရေနံတွေ ယိုတာ၊ တော်တော်ကို များတယ်ဗျ၊ အိုင်ကိုထွန်းနေတာပဲ၊ တော်တော်ကို များတော့ လူတွေက ရေနံတွေ ယူကြတာပေါ့၊ ယူကြတော့ သယ်ကြပိုးကြ သယ်ကြ ပိုးကြနဲ့ မနေ့က ညကတော့ မှောင်တော့ အဲဒီ သယ်တာပိုးတာတွေက မမြင်ဘူး ဘာညာ မီးခြစ်ခြစ်ကြတော့ ဒီလို တန်းပြီး လောင်တာပဲလို့ ပြောတယ်၊ အဲလိုတနေရာက ကပ်လောင်လိုက်တော့ လူတွေက ပိတ်မိသွားပြီးတော့ အလောင်ခံရတယ်လို့ ပြောတာပဲ၊ ကျနော်သိသလောက်နော်။”
ပေါက်ကွဲတဲ့ ပြင်းအားကြောင့် တချို့ဆို အလောင်းတောင် ရှာမရနိုင်တော့တဲ့အထိ ဖြစ်သွားတာလည်း ရှိတယ်လို့ သိရကြောင်း မြစ်ခြေက ဒေသခံက ပြောပါတယ်။
သေဆုံး ဒဏ်ရာရသူတွေဟာ ညောင်လှကျေးရွာနဲ့ အဲဒီ အနီးတဝိုက်က ကျေးရွာတွေ ဖြစ်တဲ့ ပေါက်တော၊ မြို့ဆိုး၊ ညောင်နီပင်၊ သိမ်တော စတဲ့ကျေးရွာတွေက ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူပြည်သူ့ဆေးရုံကို ဆက်သွယ်စုံစမ်းရာမှာ ဆေးရုံအုပ်ကြီးက တာဝန်ရှိတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ လာရောက်ပြီး စာရင်းပြုစုနေကြဆဲ ဖြစ်ပြီး သူမအနေနဲ့ မသိသေးကြောင်းပြောပါတယ်။ သူနာပြုဆရာမတဦးကတော့ သေဆုံးသူအပါအဝင် ဆေးရုံကို ရောက်ရှိလာတာဟာ အယောက် ၇၀ နီးပါးလောက် ရှိတယ်လို့ ပြောပါတယ်။
ပခုက္ကူရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက သူတို့ မသိရှိသေးကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့ပါတယ်။ ခုလို မီးလောင် ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ရေနံပိုက်လိုင်းဟာ ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျောက်ခွက် ရေနံမြေက ထွက်တဲ့ ရေနံကို သင်္ဘောနဲ့ သယ်ပို့ဖို့ အဆင်ပြေတဲ့ အရာတော်ရေနံမြေကို ပို့ဆောင်ပေးတဲ့ ပိုက်လိုင်း ဖြစ်ပါတယ်။