ငါးအလွန်အကျွံ ဖမ်းဆီးတာကို တားဆီးဖို့ အဆိုတင်


2016.12.02
fisherman-620.jpg ကွန်ပစ်နေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ ငါးအလွန်အကျွံ ဖမ်းဆီးနေ တာတွေတားဆီးနိုင်ရေး မြို့နယ်ငါးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပေးဖို့ဆိုပြီး ရွှေကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ရာမှာ ပြည်နယ်အစိုးရက ဖွဲ့စည်းပေးဖို့ အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပြီး နည်းမျိုးစုံနဲ့ ငါးဖမ်းနေတဲ့အတွက် ငါးရှားပါးမှုကို ကာကွယ်ဖို့နဲ့ မြစ်ချောင်းအင်းအိုင်တွေ ရေရှည်တည်တံ့ရေးတို့အတွက် မေးရတာဖြစ်တယ် လို့ ရွှေကူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု က ပြောပါတယ်။

"အထူးသဖြင့်ကတော့ ကျင်စက်တွေပေါ့၊ ကျင်စက်တွေ အင်းထဲမှာလည်းထိုးတယ် ပြီးတော့ မြစ် ၊ ချောင်းတွေမှာလည်း ကျင်စက်တွေထိုးတယ်၊ နောက်တစ်ခါ တကယ်လို့ ရေနည်းလာတဲ့အချိန်မှာစပြီး မလိုအပ်တဲ့ ဆေးတွေနဲ့ဖျန်းပတ်ပြီးတော့မှ အဓိကတော့ ငါးရရင်ပြီးရောဆိုတဲ့ သူတို့ရဲ့စိတ်ဓါတ်နဲ့ သူတို့ရဲ့ အင်းဝင်ငွေကိုရရှိရေး အဓိကဖမ်းနေတဲ့အချိန်မှာ တဖြေးဖြေးနဲ့ ဒီငါးတွေက မျိုးတုန်းလာတာကို ကျနော်တို့ တွေ့ရပါတယ်"

ကချင်ပြည်နယ်အစိုးရအနေနဲ့ ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်ရေးဆွဲပြီး ငါးသယံဇာတ ထိန်းသိမ်းရေးဆောင် ရွက်နေတဲ့အတွက် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ကို ထပ်မံဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်း က ပြောပါတယ်။

ကချင်ပြည်နယ်က မြစ်တွေ ချောင်းတွေမှာ တရုတ်နိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ ငါးဖမ်းကျဉ်စက်တွေနဲ့ ငါးဖမ်းတာတွေ၊ ဆေးတွေခပ် ပြီးငါးဖမ်းတာ စတဲ့ပုံစံမျိုးစုံနဲ့ လုပ်ကိုင်နေကြတာလို့ ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်မှာ အစိုးရဆီ လေလံတင်ပြီး လုပ်ကိုင်နေတဲ့ ဂရန်ရ အင်း လုပ်ငန်းပေါင်း ၆၀ ရှိပြီး ဒီနှစ်အတွက် အဲ့ဒီအင်းလုပ်ငန်းတွေကနေ အခွန်ငွေ ၂၃၈ သန်းကျော် ရရှိထားကြောင်း လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။