အားလုံးလွတ်မြောက်စေ ဖို့ မြန်မာ့နှစ်သစ်ကူးမှာ ဆုတောင်း


2015.04.17
political-prisoners-free-305 နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ဧပြီလ ၁၇ ရက်နေ့က နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြစဉ်
Photo: Tun Myint/RFA

အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ အမှု ရင်ဆိုင်နေရသူတွေ အားလုံးလွတ်မြောက်ရေးတို့ အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ဒီနေ့ ငါးလွှတ်ပြီး ဆုတောင်းခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာလည်း နိုင်ငံ တည်ဆောက်ရာမှာလည်း အရေးပါတာကြောင့် သူတို့အားလုံးလွတ်မြောက်ဖို့အတွက် ဆုတောင်းပေး တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးထွန်းကြည်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားဆိုတာက တိုင်းပြည်ပြန် လည်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အလွန်တရာမှာ အခန်းကဏ္ဍ ကနေပြီးတော့ ပါဝင်ခွင့်ရှိတဲ့သူတွေကို အခုလိုအခြေအနေမျိုးမှာ ထောင်အသီးသီးမှာ ထောင်သွင်း အကျဉ်းချထားတဲ့အတွက် တိုင်းပြည်အတွက်လည်း ဂုဏ်သိက္ခာကျသလို တိုင်းပြည်ဂုဏ်ပုဒ်ကိုလည်း အလွန်တရာမှထိခိုက်ပါတယ်၊ အဲ့ဒီအတွက် ကျနော်တို့ဟာ တတိယမြောက် ဒီနေ့ နိုင်ငံရေးအကျဉ်း သားတွေ ရှိနေပါတယ်ဆိုတာကို ငါးလွှတ်ပွဲလက်တွေ့လုပ်ရပ်နဲ့ ထိရောက်ပေါ်လွင်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ရခြင်းဖြစ်ပါတယ်"

သာယာဝတီ အကျဉ်းထောင်မှာရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ အမိန့်ချမှတ် ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၇ဝ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ အယောက် ၃ဝဝ ကျော် ပေါင်းလိုက် ရင် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၅ဝဝ နီးပါးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေးတောင်းဆိုလို့ ထောင်ချခံရ၊ တရားစွဲခံနေရတဲ့ လယ်သမားတွေနဲ့ ကူညီသူတွေလည်း ရာနဲ့ချီရှိနေတဲ့အတွက် သူတို့ရဲ့စာရင်းကိုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP  ကနေ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုထင်ကျော်၊ ကိုဝေဠု၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နော်အုန်းလှတို့လည်းပါဝင်သလို အစိုးရက ဖမ်းဆီးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

ဒီအတောအတွင်း ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ အားလုံး လွတ်မြောက်စေဖို့အတွက် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် DPW က ဦးဆောင်ပြီး ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီနေ့မနက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အင်းလျားကန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေရေးတွေအတွက် ငါးတွေလွှတ်ပြီး ဆုတောင်းခဲ့ကြတယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် ဗဟိုကော်မတီဝင် ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။

အဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆုတောင်းပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာလည်း ကျင်းပခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့အတွက် နှစ်သစ်နှုတ်ခွန်းဆက် စကားတွေကို မသင်းသီရိက စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း သက်တော် ၉၉နှစ်ရှိ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော် ဘဒ္ဒန ္တအဂ္ဂိယရဲ့ နှစ်သစ်ကူး သြဝါဒကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က လျှောက်ထားတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။