ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ကန့်သတ်မှု ရုတ်သိမ်းဖို့ အမေရိကန် တိုက်တွန်း
2013.05.28
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တစ်မိသားစုမှာ ကလေးနှစ်ယောက်သာ ယူခွင့်ပြုတဲ့ မူဝါဒကို ရုတ်သိမ်းပေးဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ ဒီမူဝါဒချမှတ်လိုက်တာကြောင့် အလေးအနက်စိုးရိမ်ကြောင်း၊ ကလေးမွေးဖွားနှုန်းကို အတင်းအဓမ္မ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒနဲ့ တခြားအလားတူ မူဝါဒမျိုးတွေကို မဆိုင်းမတွ ရုပ်သိမ်းပေးဖို့လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Patrick Ventrell က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
အလားတူ HRW လူ့အခွင့်အရေးအဖွဲ့ကလည်း သမ္မတ ဦးသိန်းစိန်က သူဟာခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သူဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် အခုလို ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အတင်းအဓမ္မ ခွဲခြားကန့်သတ်ထားတဲ့မူဝါဒကို ရုတ်သိမ်းကြောင်း အမြန်ကြေညာသင့်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။