ကျောင်းသား ၉ ဦးအမှုကို တရားရုံးလက်ခံ
2017.01.26

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ကျောင်းသား ၉ ဦးရဲ့ အမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုရာမှာ အမှုကို ပုသိမ်မြို့နယ် တရားရုံးက မနေ့က လက်ခံလိုက်ပါတယ်။
ပြဇာတ်ကရာမှာ ဦးဆောင်သူ ကိုအောင်ခန့်ဇော် ကို ပုဒ်မ ၅၀၀၊ ကျန်တဲ့ ၈ ဦးကို ပုဒ်မ ၅၀၀/၃၄ နဲ့ တရားစွဲဆို တာကို လက်ခံလိုက်တာဖြစ်တယ်လို့ ပြဇာတ်ကရာမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။
"ပုဒ်မ ၅၀၀ နဲ့ စွဲတာကို လက်ခံပြီးတော့ ကျနော်က ပုဒ်မ ၅၀၀၊ ကျန်တဲ့ ၈ ယောက်က ပုဒ်မ ၅၀၀/၃၄ နဲ့ အမှုကို လက်ခံတယ်၊ ၈ ရက်နေ့မှာ ရုံးထုတ်မယ်ပေါ့၊ အဲဒီနေ့မှ အာမခံတို့ ဘာတို့အကုန်လုံး လုပ်ရမှာပေါ့၊ ၅၀၀/၃၄ ကျတော့ ပါဝင်ပတ်သက်သူပေါ့၊ ကြံရာပါပုံစံမျိုး၊ ပုဒ်မ ၅၀၀ ကျတော့ တိုက်ရိုက်ပတ်သက်သူ ဆိုတဲ့ပုံစံမျိုးပါ"
အဲဒီအမှုကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရုံးချိန်း ချိန်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး အသရေဖျက်မှုနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲထား တာ ဖြစ်ပါတယ်။
ဒီပြဇာတ်ရဲ့ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးလိုချင်ပြီး စစ်ပွဲတွေအလိုမရှိဘူးဆိုတာကို အဓိကအနေနဲ့ ပြောချင် တာဖြစ်သလို ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိပြောတာမဟုတ်ဘဲ အနုပညာဖျော်ဖြေမှု တစ်ခုသာဖြစ်တာကြောင့် တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာ ဖြစ်တယ်လို့လည်း ကိုအောင်ခန့်ဇော် က ပြောပါတယ်။
အဲဒီပြဇာတ်မှာ ၁၀ တန်းကျောင်းသား ၄ ဦးနဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦးက ပုသိမ်မြို့က စစ်ပွဲထောက်ခံ သူတွေကို အင်တာဗျူးမေးတဲ့ပုံစံမျိုးနဲ့ ဟာသနှောပြီး ကပြဖျော်ဖြေခဲ့တာဖြစ်ပြီး သူတို့ ၉ ဦးကို တပ်မတော်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။