ပုသိမ်ကျောင်းသား ၇ ဦး အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ရ


2017.08.01
pathein-students-622.jpg စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ပုသိမ်မြို့က ကျောင်းသားတွေကို တွေ့ရစဉ်
Photo: Aung Khant Zaw/ Facebook

တရားရှင်လွတ်မြောက်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းသား ၇ ဦးကို အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

တရားလိုဘက်က ခရိုင်တရားရုံးကို ပြင်ဆင်ချက်တင်တဲ့အခါမှာ မြို့နယ်တရားရုံးကို တင်တဲ့အတိုင်းမဟုတ်ဘဲ အမှုကိုပြန်လည်ပြင်ဆင်ပြီး တင်ခဲ့တဲ့အတွက် တရားသူကြီးက စွဲချက်တင်သင့်တယ်ဆိုပြီး အမိန့်ပြန်ချခဲ့ တာဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။

"တရားလိုက စစွဲဆိုတဲ့ ဦးတိုက်လျှောက်လွှာမှာကတည်းက ပြဇာတ်တစ်ခုလုံး မဟုတ်ဘဲနဲ့ ပြဇာတ် မှာပြောတဲ့ စကားလုံးတချို့ပေါ့၊ အဲစကားလုံးကြောင့်ဆိုပြီးတော့ စွဲချက်တင်ခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ ဒီတရားလို ကိုယ်တိုင်ကပဲ  ခရိုင်ရုံးကို ပြင်ဆင်ချက်တင်တဲ့အခါမှာကျတော့ သူက ဒီအမှုကို ပြင်ဆင် ထားပြီးတော့ ဒီပြဇာတ်တစ်ခုလုံး ပူးပေါင်း ကကြတာဖြစ်တယ်ဆိုပြီးတော့ ကျန်တဲ့သူတွေပြောတဲ့ စကားလုံးအသုံးအနှုန်းတွေကိုပါထည့်ပြီးတော့ ပြင်ဆင်ချက်တင်တဲ့အခါမှာတော့ ခရိုင်တရားရုံး ကနေပြီးတော့ စွဲချက်ပြန်လည်တင်သင့်တယ်ဆိုပြီးတော့ အမိန့်ပြန်ချခဲ့တာဖြစ်တယ်၊ ၉ ဦးလုံး ပြန် ပြီးတော့ အမှုရင်ဆိုင်ရမယ်"

အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ ကျောင်းသား ၉ဦးကို တရားစွဲဆိုထားတဲ့အမှုမှာ ပုသိမ်မြို့နယ် တရားရုံးက ကျောင်းသား ၇ ဦးကို တရားရှင်လွှတ်ပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက တရားလိုတင်ပြထားတဲ့ တရားစွဲဆိုရတဲ့ အဓိကအကြောင်းအရင်း စာသားတွေကို သရုပ်ဆောင်ခဲ့တဲ့ ကိုအောင်ခန့်ဇော်နဲ့ ကိုမြတ်သူထက်တို့ ၂ ဦးကိုသာ ပုသိမ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၀ နဲ့ ဆက်လက်စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ ၇ ဦးကို တရားရှင်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။  အခု ပြန်လည်ပြင်ဆင်ရာမှာ အဲဒီပြဇာတ်တစ်ခုလုံးမှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေကို ထည့်သွင်းတင်ပြခဲ့တဲ့အတွက် တရားရှင်နဲ့ လွတ်မြောက်နေသူ ၇ ဦးလည်း အမှုပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦးက တရားလိုလုပ်ကာ တရားစွဲထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီပွဲကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦး ဆိုသူကို တရားလိုဘက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတာကို ပုသိမ်မြို့နယ်တရားရုံးက အာမခံပေးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အာမခံ မပေးသင့်ကြောင်း ခရိုင်တရားရုံးကို အယူခံဝင်ထားတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက် မပြည့်စုံတာကြောင့် ခရိုင်တရားရုံးက အယူခံကို ပလပ်လိုက်တဲ့အတွက် မြို့နယ်တရားရုံး အမိန့်ချထားတဲ့အတိုင်း ဦးထွန်းထွန်းဦး က အာမခံဆက်လက်ရရှိခဲ့တယ်လို့လည်း ကိုအောင်ခန့်ဇော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။