ပုဒ်မ ၅ဝဝ နဲ့ ငွေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားတွေအမှုကို တပ်မတော်ဘက်က အယူခံထပ်တက်


2018.07.16
pathein-students-622.jpg စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ပုသိမ်မြို့က ကျောင်းသားတွေကို တွေ့ရစဉ်
Photo: Aung Khant Zaw/ Facebook

စစ်ပွဲအလိုမရှိ ပြဇာတ်ကပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၈ ယောက်အမှုမှာ ပုသိမ်ခရိုင်တရားရုံးက ပုဒ်မ ၅ဝဝ နဲ့ ငွေဒဏ်အသီးသီးချမှတ်ခဲ့တာကို မကျေနပ်လို့ဆိုပြီး တပ်မတော်ဘက်က အယူခံတက်ထားတာကို ပုသိမ်ခရိုင် တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။

ပြစ်ဒဏ်နဲ့ ပြစ်မှုမျှတမှု မရှိတာကြောင့်ဆိုပြီး အယူခံတက်တာလို့ ဒီနေ့ ပထမဆုံးရုံးချိန်းကိုသွားခဲ့တဲ့ တရားစွဲဆို ခံရသူတွေထဲက ကိုအောင်ခန့်ဇော်က ပြောပါတယ်။

"ပထမ ကျနော်တို့ကို ဒဏ်ငွေချထားတဲ့အမှုကို ပြစ်ဒဏ်နဲ့ပြစ်မှု မျှတမှုမရှိဘူးပေါ့နော်၊ ကျေနပ်မှုမရှိဘူး ဆိုပြီးတော့ ပုသိမ်မြို့နယ် ခရိုင်တရားရုံးကို အယူခံဝင်တယ်ပေါ့နော်၊ အဲဒီဟာကို ခရိုင်တရားရုံးက လက်ခံတဲ့အတွက် ဒီနေ့က ပထမဆုံး ရုံးချိန်းပေါ့၊ ဒီနေ့မှာတော့ ကျနော်တို့ ရုံးချိန်းသွားတယ်၊ ရှေ့နေရှေ့ရပ်နဲ့ ပါဝါတင်တယ်ပေါ့၊ အယူခံ ဝင်တဲ့ကိစ္စတွေမှာတော့ ထုံးစံအရ တရားလိုဘက်က မလာလည်းရတယ်ပေါ့၊ အဲအတွက် တရားလိုဘက်ကတော့ မလာဘူး"

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ ကျောင်းသား ၈ ယောက်ထဲက ၂ ယောက်ကို ဒဏ်ငွေ ကျပ် ၅ သောင်းစီ နဲ့ ၆ ယောက်ကို ဒဏ်ငွေ ကျပ် ၃ သောင်းစီ ပေးဆောင်ဖို့ ပုသိမ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအမိန့်ကို မကျေနပ်လို့ တပ်မတော်ဘက်က အယူခံထပ်တက်တာဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပုသိမ်ဟိုတယ်မှာ စစ်ပွဲအလိုမရှိ ပြဇာတ်ကပြခဲ့တဲ့ ကျောင်းသား ၉ ယောက်ကို ပြဇာတ်မှာပါတဲ့ စကားလုံးတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ပုဒ်မ ၅ဝဝနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို အရင်က ပုသိမ်မြို့နယ်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တာဖြစ်ပြီး မြို့နယ်တရားရုံးက အဓိက သရုပ်ဆောင်သူ ၂ ယောက်ကိုသာ ပုဒ်မ ၅ဝဝ နဲ့ စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ ၇ ယောက်ကို တရားရှင်လွှတ်ပေးခဲ့ရာမှာ တပ်မတော်ဘက်က ခရိုင်တရားရုံးကို ထပ်မံအယူခံတက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအခါ ခရိုင်တရားရုံးက လက်ခံစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ ကျောင်းသား ၈ ယောက်ကို ငွေဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့ပြီး တရားရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တဲ့ တစ်ယောက်ကိုတော့ တရားခံပြေးအဖြစ် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီပွဲကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦး ဆိုသူကိုလည်း တပ်မတော်ဘက်က ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့ရာမှာ ပြီးခဲ့တဲ့ ဇွန်လက ထောင်ဒဏ် ၃ လ ချမှတ်ထားပါတယ်။

အခုအယူခံတက်ခံထားရတဲ့ ကျောင်းသား ၈ ယောက်အမှုကတော့ လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ လျှောက်လဲ ချက်တင်ဖို့ ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။