ကျောင်းသား ၈ ဦးကို ငွေဒဏ်ချမှတ်
2018.04.05

အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့ ကျောင်းသား ၈ ဦးအမှုကို ဒဏ်ငွေတွေ အသီးသီးပေးဆောင်ဖို့ ပုသိမ်မြို့နယ်တရားရုံးက မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
ကျောင်းသားနှစ်ဦးကို ဒဏ်ငွေ ငါးသောင်း၊ ကျန်တဲ့ ခြောက်ဦးကို ဒဏ်ငွေ သုံးသောင်းနဲ့ ဧပြီလ ၄ ရက်နေ့ မနေ့က အမိန့်ချလိုက်တယ်လို့ အမိန်ချမှတ်ခံရတဲ့အထဲမှာပါဝင်တဲ့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။
"အောင်ခန့်ဇော်ရယ် မြတ်သူကျော်ရယ်ကိုတော့ ဒဏ်ငွေ ၅သောင်းစီ၊ ကျန်တဲ့ ၆ ယောက်ကိုတော့ ဒဏ်ငွေ ၃ သောင်းစီ အမိန့်ချတယ်၊ စွဲချက်တင်ကတည်းက ပုဒ်မ ၅၀၀ပေါ့၊ ကျန်တဲ့ ၆ ယောက်က ၅၀၀ / ၃၄ ၊ တရားသူ ကြီးကတော့ ကျနော်တို့ပြောတဲ့ ဒီအသုံးအနှုန်းက ပုဒ်မ ၅၀၀ပါတဲ့ ကင်းလွှတ်ခွင့်ရှိတဲ့ အချက် ၁၀ ချက်ရှိတယ်၊ အဲဒီအချက် ၁၀ ချက်နဲ့ မညီဘူးပေါ့နော်၊ ဒီအသုံးနှုန်းတွေက အကြုံးဝင်တယ် ဒါကြောင့်မို့ သူကအပြစ်ရှိတယ်လို့ ယူဆတယ၊် ပြစ်ဒဏ်ချရမယ်ပေါ့၊ ပြစ်ဒဏ်ချတဲ့အခါကျတော့ ဒီပြဇာတ်က ငြိမ်းချမ်းရေးသရုပ်ဖော်ပြဇာတ် လည်းဖြစ်တယ်၊ ကျောင်းသားလူငယ်တွေလည်းဖြစ်တယ်၊ အဲဒါကြောင့်မို့ ကြီးလေးတဲ့ ပြစ်ဒဏ်တော့ ချမှတ်ဖို့ မသင့်ဘူး၊ ဒဏ်ငွေပဲချမှတ်မယ်ဆိုပြီး အပြစ်ဒဏ်ကိုချတယ်"
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်မှာ စစ်ပွဲအလိုမရှိ ပြဇာတ် ကပြခဲ့တဲ့ ကျောင်းသား ၉ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ပြဇာတ်မှာပါတဲ့ စကားလုံးတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး ပုဒ်မ ၅၀၀နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုမှာ တရားစွဲဆိုခဲ့ရတဲ့ ကျောင်းသားတစ်ဦး ရုံးချိန်းကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကျန်တဲ့သူ ၈ ဦးကိုသာ အမိန့်ချမှတ်ခဲ့တာလို့ တရားစွဲခံရတဲ့ ကျောင်းသားတွေက ပြောပါတယ်။
အခုလို အမိန့်ချမှတ်ခံရတဲ့ ၈ ဦးထဲမှာ ပုသိမ်တက္ကသိုလ်ကျောင်းသားတစ်ဦး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ထားသူ သုံးဦး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဆိုဖြစ်သူ နှစ်ဦးနဲ့ ကျန်တဲ့သူတွေကတော့ ကျောင်းဆက်မ တက်ဖြစ်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ ပုသိမ်ဟိုတယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေး ပွဲမှာ ကျောင်းသားတွေက စစ်ပွဲထောက်ခံတဲ့ ဆန္ဒပြသူတွေကို အင်တာဗျုးမေးမြန်းတဲ့ပုံစံနဲ့ ဟာသနှောပြီး ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။