စစ်ပွဲအလိုမရှိကြောင်း ပြဇာတ် ကပြခဲ့တဲ့ ကျောင်းသား ၉ ဦး တရားစွဲခံရ
2017.01.22

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ပုသိမ်ဟိုတယ်မှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ် ကပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ ဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ ပုသိမ်မြို့မရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေအလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေ ခဲ့တာဖြစ်ပါတယ်။ အဲဒီပြဇာတ်မှာ ပါဝင်တဲ့ စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး အသရေဖျက်မှုနဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်တယ်လို့ ပြဇာတ်ကရာမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။
" ၁၈ ရက်နေ့မနက်ကသိတယ်၊ ကျနော်ကို ဖုန်းဆက်ပြီး လှမ်းပြောတယ်၊ ကျနော်တို့ အဲနေ့မှာမအားဘူး၊ မအားတော့ ညနေမှ လာခဲ့မယ်လို့ ပြန်ပြောတယ်၊ ညနေကျမှ မြို့မရဲစခန်းမှာ ကျနော်တို့ သွားပြီးတော့ စစ်ဆေးတာပေါ့၊ ဘာ့ကြောင့်စွဲတာလဲဆိုတော့ ကျနော်တို့အဲနေ့က ပြဇာတ်ကတဲ့အထဲမှာ ကျနော်တို့ ပြောတဲ့ စကားအသုံးအနှုန်းတွေပေါ့နော်၊ အဲဒီအသုံးအနှုန်းတွေက သူတို့တပ်မတော်နဲ့ သူတို့ မိသားစုဝင်တွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စကားလုံးတွေပါတယ်ဆိုပြီး သူတို့က အသရေဖျက်မှု နဲ့စွဲတာပေါ့၊ တရားလိုလုပ်ပြီး စွဲတာက ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်ပေါ့နော်၊ စစ်ဦးစီး ပထမတန်းကလို့ သိရပါတယ်"
အဲဒီပြဇာတ်မှာ ပုသိမ်မြို့က စစ်ပွဲထောက်ခံသူတွေကို အင်တာဗျူးမေးတဲ့ပုံစံမျိုးနဲ့ ဟာသနှောပြီး ကပြဖျော်ဖြေခဲ့တာဖြစ်တယ်လို့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။
တရားစွဲခံထားရတဲ့ ကျောင်းသား ၉ ဦးထဲမှာ ၁၀ တန်းကျောင်းသား ၄ ဦး နဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။
လက်ရှိအချိန်ထိ ကျောင်းသား ၇ ဦးကို ပုသိမ်မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးထားပြီး ကျန်တဲ့ ၂ ဦးကို ဆက်လက်စစ်ဆေးကာ စစ်ဆေးချက်တွေကို လာမယ့် ၂၅ ရက်နေ့မှာ တရားရုံးကို တင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။