ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့သူ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်မှာ စတင်စစ်ဆေးကြားနာ

RFA Burmese
2025.02.19
ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့သူ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်မှာ စတင်စစ်ဆေးကြားနာ တရုတ်အစိုးရက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြီရှောက်ချန်းနှင့် မိသားစုဝင်များအား တွေ့ရစဉ်။
Wenzhou Public Security Bureau

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အဖွဲ့ဝင် ၂၃ ဦးကို တရုတ်နိုင်ငံက တရားရုံးတစ်ခုမှာ စတင်ကြားနာစစ်ဆေးနေပြီလို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဒီနေ့ ဖော်ပြပါတယ်။

မြီ (Ming) မိသားစု ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးသူ ၂၃ ယောက်ကို အွန်လိုင်းလိမ်လည်မှု၊ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ ငွေညှစ်မှု၊ လောင်းကစား လုပ်ငန်းလုပ်ကိုင်မှု ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ရာဇ၀တ်မှု ၁၁ မှုနဲ့ တရားစွဲဆိုထား တာလို့ ဆိုပါတယ်။ အဲဒီရာဇဝတ်မှုတွေကြောင့် တရုတ်လူမျိုး ၁၄ ဦး သေဆုံးခဲ့ရသလို ခြောက်ယောက် ဒဏ်ရာရခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာနေထိုင်သူတွေရဲ့ ငွေပေါင်း ဘီလီယံချီပြီး ဆုံးရှုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကိုးကန့်နယ်ထဲမှာ အခြေစိုက်တဲ့ အဲဒီငွေလိမ်ဂိုဏ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့မှာ ဒုတိယအကြီးအကဲလည်းဖြစ်ပြီး မြန်မာနဲ့ တရုတ်နိုင်ငံသားအဖြစ်ခံယူထားသူ ဦးမြီရှောက်ချန်း (Ming Xuechang) က ဦးဆောင်ပါတယ်။

မြီ မိသားစုဟာ ၂၀၁၅ ခုနှစ်ကတည်းက သူတို့ရဲ့ သြဇာအာဏာနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုသုံးပြီး ရာဇ၀တ်မှု အမျိုးမျိုးလုပ်ကိုင်ဖို့ ငွေကြေးပံ့ပိုး ကျောထောက်နောက်ခံပေးခဲ့ပါတယ်။ သူတို့အတွက် အလုပ်လုပ်ပေးမယ့် ထောင်နဲ့ချီတဲ့သူတွေကို ထားဖို့ စက်မှုဇုန်နဲ့ ခြံဝင်းကြီးတွေကို ဝယ်ယူထူထောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် မှာ တခြားခြံဝင်းတစ်ခုထဲကို ရွှေ့ပြောင်းချိန် ထွက်ပြေးဖို့ ကြိုးစားခဲ့သူတစ်ဦးကို မြီ မိသားစုက သတ်ပစ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က အမှုကြားနာချိန်မှာ အစိုးရရှေ့နေက တင်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့မှာနေထိုင်တဲ့ ကိုးကန့်လုပ်ငန်းရှင် မြီမိသားစုကို သွားရောက်ဖမ်းဆီးချိန်မှာ ဦးမြီရှောက်ချန်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ္စတိုသေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။