အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ရာကျော်ကို ကယ်တင်နိုင်ခဲ့

RFA Burmese
2023.10.26
အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ရာကျော်ကို ကယ်တင်နိုင်ခဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် လူကုန်ကူးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသော ထိုင်းအမျိုးသမီးသုံးဦးနှင့် ကူညီခဲ့သည့် ထိုင်းအမျိုးသမီးနှင့်ကလေးများဖောင်ဒေးရှင်း တာဝန်ရှိသူအား တွေ့ရစဉ်။
BenarNews


Updated: 2:13 AM, Oct 27, 2023

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ရာကျော်ကို မြန်မာ အာဏာပိုင်တွေက ရှမ်းပြည်နယ်တစ်နေရာမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ကြာသာပတေးနေ့က ထိုင်းတာဝန်ရှိသူ တွေကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးကိုတော့ ဆိုင်းငံ့ထားပြီး မြန်မာနိုင်ငံမှာပဲ ရှိနေသေးတယ် လို့ ဆိုပါတယ်။

"အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်နဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ဌာနက အဆင့် မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး လောက်ကိုင်က တရားမဝင်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသားတွေကို မြန်မာအစိုးရအကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး ပြုစုစောင့်ရှောက်ဖို့ ပြောဆိုခဲ့တယ်’ လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Kanchana Patarachoke က ကြာသပတေးနေ့က ပြောကြားခဲ့ပါ တယ်။

" မနေ့က နောက်ဆုံး အဖြစ်အပျက်မှာ မြန်မာ အရာရှိတွေက နောက်ထပ် ထိုင်းနိုင်ငံသားခြောက်ဦးကို နေရာအသီးသီးက ကယ်ဆယ်ခဲ့ပြီး လွတ်မြောက်လာသူ ၁၄၁ ဦးကို ခေါ်ဆောင်လာပါတယ်။ လောက်ကိုင်မှာ ထိုင်းလူမျိုး အများအပြား ရှိနေဆဲဖြစ်ပါတယ်။” လို့လည်း ဆိုပါတယ်။

လောက်ကိုင်‌ဒေသဟာ ရှမ်းပြည်နယ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ခရိုင်တစ်ခုဖြစ်ပြီး အဲဒေသမှာ ထိုင်းနိုင်ငံသားတွေ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေခံနေရတယ်လို့ NGO နဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

တစ်ရက်ထဲမှာပဲ မြန်မာပြည်တွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရသူ ဗီယက်နမ်နိုင်ငံသား ၆၁ ယောက်အပါအဝင် နိုင်ငံခြားသား ၂၀၀ လောက်ကို မြန်မာအာဏာပိုင်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မနေ့က ပြောပါတယ်။

မြန်မာအာဏာပိုင်တွေက ဗီယက်နမ်နိုင်ငံသားတွေကို ကယ်ထုတ်ခဲ့ကြောင်း ရန်ကုန်မြို့က ဗီယက်နမ်သံရုံးကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံသား ၆၁ ဦး ရဲ့ အထောက်အထားတွေကို ဝန်ကြီးဌာနတာဝန်ရှိသူတွေက စစ်ဆေးအတည်ပြုပြီးတဲ့နောက် သူတို့ကို မိခင်နိုင်ငံပြန်ပို့ရေးအတွက် နှစ်နိုင်ငံအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။