အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို့မှာ မြန်မာတဦး အသတ်ခံရ
2011.04.11
ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲက မြန်မာ ၂ ဦးကို စစ်ဆေးခဲ့တဲ့ထဲက အသက် ၄၆ နှစ်ရှိ ကိုညွန့်ရွှေ ဆိုသူကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ခရိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ် ။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေသခံ တဦးက RFA ကို အခုလို ပြောပြပါတယ်။
“အသတ်ခံရတဲ့လူ နာမယ်က အောင်ဝင်းလို့ ခေါ်တယ်။ အဲဒီလို စွပ်စွဲခံရတဲ့ လူက ကောင်ကြီး ခေါ် သိန်းဦးနဲ့ စံကောက် ခေါ် ညွန့်ရွှေ ဖြစ်တယ်။ အခု သိန်းဦးကတော့ အပြင် ပြန်ရောက်လာပြီ။ စံကောက် ခေါ် ညွန့်ရွှေကတော့ ထောင်ထဲမှာပဲ ရှိတုန်းပဲ။ မှုခင်း ဆရာဝန်ကြီးကလည်း သေတဲ့လူက ဘာကြောင့် သေရတယ် ဆိုတဲ့ ဥစ္စာကို စုံစမ်း စစ်ဆေးဆဲပဲ၊ မထုတ်ပြန်သေးဘူး။”
ခရိုင်ရဲတပ်ဖွဲ့က အမှု စုံစမ်းစစ်ဆေးရာမှာ ဘာသာစကား အခက်အခဲ ရှိကြောင်း၊ စုံစမ်းစစ်ဆေးဆဲ ဖြစ်လို့ သေဆုံးရတဲ့ အကြောင်းရင်းကို မထုတ်ပြန်သေးကြောင်း ပြောပါတယ် ။
RFA ရဲ့ သီးခြား စုံစမ်းချက်အရတော့ အသတ်ခံရသူ ကိုအောင်ဝင်းကို ကရင်အောင်ဝင်း အဖြစ် လူသိများပါတယ် ။ ဖမ်းဆီးခံရသူ ကိုစံကောက် ခေါ် ကိုညွန့်ရွှေ ကတော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး သူတို့ဟာ တချိန်က ရန်ညှိုးရန်စ ရှိခဲ့ကြတယ်လို့ ရင်းနှီးသူတွေက ပြောကြပါတယ် ။