လူသတ် ဓားပြမှု ကျူးလွန်သူတွေကို ဖမ်းဆီးထားကြောင်း မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ ပြော

RFA Burmese
2024.12.30
လူသတ် ဓားပြမှု ကျူးလွန်သူတွေကို ဖမ်းဆီးထားကြောင်း မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ ပြော စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူသတ် ဓားပြမှု ကျူးလွန်သူလို့ ယူဆသူ လူငယ်ခြောက်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Facebook/ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ - မြို့နယ် ပ.လ.ဖ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာအမှတ် (၄) ရပ်ကွက် မိုဃ်းကောင်းလမ်းက လူသတ် ဓားပြမှု ကျူးလွန်သူလို့ ယူဆသူ လူငယ်ခြောက်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး အဲဒီအမျိုးသမီးရဲ့ ကားကို ယူဆောင်သွားတဲ့ ကျူးလွန်သူလို့ ယူဆသူတွေကို ၁၂ နာရီအတွင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီလူသတ် ဓားပြမှုမှာ ကျူးလွန်သူလို့ ယူဆသူ ခြောက်ဦးကို ရမန်ယူ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုအာကူးက RFA ကို ပြောပါတယ်။

"လက်ရှိမှာ သူတို့ကို ရမန်ယူပြီး စစ်ဆေးနေပါတယ်ခင်ဗျ။ အရင်က ကျူးလွန်တဲ့ အမှုတွေရှိလား၊ ဒီပစ္စည်း (သေနတ်) တွေက ဘယ်ကရတာလဲ။ သူတို့နောက်ကွယ်က ဘယ်သူတွေရှိလဲ အဲဒါကို အဓိက ဖော်ထုတ်နေပါတယ်ခင်ဗျ။ ကားကတော့ မိသားစုက ပြန်ယူတာလား၊ စစ်တပ်က သိမ်းသွားတာလား မသိဘူးခင်ဗျ။ စစ်ဆေးချက်ပြီးမှပဲ ထပ်ပြီး သတင်းထုတ်ပြန်သွားမှာပါ"

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးပြီးရင်တော့ စစ်ဆေးပေါ်ပေါက်ချက်တွေအတိုင်း NUG ရဲ့ မုံရွာမြို့နယ် တရားရေးအဖွဲ့မှာ စွဲချက်တင်ပြီး အရေးယူသွားမယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ခြောက်ဦးဟာ အသက် ၁၈ နှစ်အရွယ် မောင်မင်းသန့်၊ ၁၉ နှစ်အရွယ် မောင်အောင်လေး၊ ၂၂ နှစ်အရွယ် မောင်ခန့်၊ ၁၇ နှစ်အရွယ် မောင်အောင်ချမ်းဇင်၊ အသက် ၂၀ အရွယ်တွေဖြစ်တဲ့ မဖြူဖြူငြိမ်းနဲ့ မလဲ့လဲ့မွန်တို့ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ဖြစ်ခဲ့တဲ့ မုံရွာမြို့ မြဝတီရပ်ကွက် နဝရတ် ရတနာပစ္စည်းဆိုင်ရဲ့ နေအိမ် ဓားပြတိုက်မှုမှာလည်း ကျူးလွန်သူ ခုနစ်ဦးကို ဖော်ထုတ်ဖမ်းဆီးထားပြီး နောက်ထပ် နှစ်ဦး ဖမ်းဆီးဖို့ ကျန်ရှိနေသေးတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်၊ လုယက်၊ ပြန်ပေးဆွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး ကျူးလွန်သူတွေကို ဖမ်းမိတဲ့အမှုတွေက အနည်းစုသာရှိတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။