မန္တလေးမှာ ဒီလအတွင်း အရပ်သား ၁၅ ဦးသတ်ဖြတ်ခံရ

RFA Burmese
2024.07.23
မန္တလေးမှာ ဒီလအတွင်း အရပ်သား ၁၅ ဦးသတ်ဖြတ်ခံရ မန္တလေးမြို့၊ စျေးချိုအနီးတစ်ဝိုက်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
RFA

ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ မန္တလေးတိုင်းမှာ စစ်ကောင်စီက အရပ်သား ၁၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရတဲ့ အရပ်သားတွေထဲမှာ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးကိုးဦး သတ်ဖြတ်ခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့နယ် လက်ဝဲ-မြင်းနီကျေးရွာကို ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ရွာထက်ဝက်ကျော် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအထဲ ထွက်မပြေးနိုင်တဲ့ အသက် ၉၀ အရွယ် ဒေါ်လုံးနဲ့ ဒေါ်ဖယောင်း၊ အသက် ၈၀ အရွယ် ဦးကျော်အေး၊ ဦးဟန်ငြိမ်းနဲ့ လေဖြတ်နေတဲ့ ဦးရန်နိုင်ထွေးတို့ ငါးဦးဟာ နေအိမ်တွေထဲ ပိတ်မီပြီး မီးလောင်သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သား ၅၄၀၀ ကျော် (၅၄၁၉) ဦး သေဆုံးခဲ့သလို ဖမ်းဆီးခံခဲ့ရသူ (၂၇ဝ၉၃) ဦးရှိတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရက်ပိုင်း မန္တလေးမှာ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကလည်း စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို့ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂၈ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်တိုက်ခိုက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။