အုတ်ကျင်း ဂုန်နီစက်ရုံ ဝန်ထမ်း ၁၀၀ နစ်နာကြေးယူ


2018.08.13
oakkyin-jute-plant-workers-622.jpg စက်ရုံ အလုပ်သမားကိုယ်စားလှယ်များက ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ၂၀၁၈၊ သြဂုတ် ၈ ရက်နေ့က တင်ပြနေစဉ်
Photo: Phyo Min Thein - facebook

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ပိတ်သိမ်းလိုက်တဲ့ အုတ်ကျင်း ဂုန်နီစက်ရုံက ဝန်ထမ်း ၅၀၀ ထဲမှာ တစ်ရာက နစ်နာကြေးယူပြီး ထွက်သွားကြပေမယ့် ကျန် ဝန်ထမ်း ၄၀၀ လောက်က နောက်လုပ်ငန်းတွေမှာ ဆက်လက် လုပ်ကိုင်ခွင့် ရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။

၃ လအတွင်း နောက်လုပ်ငန်းတွေ အကောင်အထည်ဖော်ပြီးတဲ့အခါ နစ်နာကြေး မယူထားသူတွေကို ဆက်လုပ်ခွင့် ပေးဖို့ ညှိနှိုင်းထားတယ်လို့ အဲဒီအလုပ်သမားအရေးကို ဝင်ရောက်ဖြေရှင်းပေးနေတဲ့ လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

"စစချင်းတုန်းကတော့ ၈၀၀ ကျော်တယ်ပေါ့၊ အခုနောက်ဆုံး ပိတ်သိမ်းတော့ ၅၀၀ ကျော်၊ ၅၀၀ ကျော်မှာ ၁၀၀ ကျော်လောက်ကတော့ လျော်ကြေး ၉ သိန်းကျော် ၁၀ သိန်းနဲ့ ထုတ်သွားကြတော့ ၄၀၀ လောက်ကျန်တယ်၊ သူတို့ကတော့ ဆက်လုပ်ချင်တာပေါ့၊ ဒါကြောင့်မို့ လောလောဆယ်လည်း မထုတ်ပါနဲ့၊ နောက်လုပ်ငန်းတွေမှာ သူတို့ ဆက်လုပ်မယ်၊ ၃ လဆက်ခန့်ထားပြီး ဒီ  ၃ လအတွင်းမှာ နောက်လုပ်မယ့်လုပ်ငန်းတွေကို အကောင် အထည်ဖော်ဖို့ ကြိုးစားမယ်၊ အကောင်အထည်ပေါ်ပြီဆိုရင် လုပ်ငန်းစပြီဆိုတာနဲ့ ဒီလူတွေ ဆက်ခန့်သွားမှာပေါ့"

အုတ်ကျင်း ဂုန်နီစက်ရုံဟာ ဧက ၁၀၀ ကျော်ရှိတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပိုင် မြေနေရာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီဖြစ်တဲ့ ကျော်ထက်ကျော် ကုမ္ပဏီ က ဌားရမ်းလုပ်ကိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

အဲဒီစက်ရုံဟာ ၂၀၁၂ ခုနှစ်ကစပြီး လုပ်ငန်းရပ်ဆိုင်းထားတာဖြစ်ပေမယ့် ဝန်ထမ်းတွေကို စက်ရုံပိတ်သိမ်းချိန်ထိ အနည်းဆုံးအခကြေးငွေနှုန်းထားအတိုင်း လစဉ်လစာပေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံမြေနေရာမှာ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းတွေ ရောင်းဝယ်ပြသနိုင်တဲ့ အဆောက်အဦ တည်ဆောက်ဖို့ ကုမ္ပဏီဘက်က ရည်ရွယ်ထားတယ်လို့လည်း ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။