ဥက္ကံမြို့မှာ ပဋိပက္ခဖြစ်ပွား
2013.04.30

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
အခုလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသ တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက် ဒီကနေ့ ညနေ ၅ နာရီကစတင်ပြီး ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့် ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေညာပါတယ်။
ဥက္ကံမြို့ ပြန်လည်တည်ငြိမ်းအေးချမ်းစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က နယ်မြေခံ တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နေသလို ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဥက္ကံမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဥက္ကံမြို့ကိုရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို သတင်းထောက်မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။