မန္တလေးပဋိပက္ခ မမှန်မကန် တိုင်ကြားသူတွေကို ထပ်မံတရားစွဲ
2014.08.05

မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင်ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁နဲ့ ဒီနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
တရားစွဲခံထားရသူတွေထဲက ကိုထွန်းထွန်းရဲ့ aရှ့နေ ဦးအောင်သူရိန်ထွန်းက အခုလို ပြောပါတယ်။
"ဒီနေ့တော့ တရားလိုကိုစစ်တယ်၊ နောက်ထပ်တစ်မှု ထပ်တိုးတယ်၊ မနက်ဖြန်မှာ နောက်ထပ်တစ်မှုကို စစ်ဆေးမယ်၊ လုံခြုံရေးအခြေအနေအရဆိုတဲ့ အကြောင်းပြချက်အရ အမှုကို ဆက်လက်စစ်ဆေး သွားမယ်လို့ပြောတယ်၊ ကျနော်တို့မှာ နားချိန်တောင် မရဘူး၊ တစ်ပတ်အတွင်း အပြီးစစ်မလား၊ မစစ်ဘူးလား ကျနော်လည်းမသိဘူး၊ သို့သော် ဆက်တိုက်စစ်မယ်ဆိုတာကိုတော့ ကျနော်သိတယ်၊ ပုဒ်မ ၂၁၁ မမှန်မကန်တိုင်ကြားမှုနဲ့ပါ"
မန္တလေးမြို့ ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကိုရဲထွဋ် ခေါ် သူရရဲထွဋ်၊ မနုနုမြတ်၊ မဖြူဖြူမင်း ခေါ် ကတုံးမနဲ့ ကိုထွန်းထွန်းတို့ကို အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ဃ)၊ (င)၊ (ည) တို့နဲ့ မနေ့က တရားစွဲခဲ့ပြီး မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁နဲ့ ဒီနေ့ ထပ်မံတရားစွဲလိုက်တာပါ။
အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရတယ်ဆိုတဲ့ တိုင်တန်းမှုနဲ့ဆက်စပ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ညက မန္တလေးမြို့မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဆူပူမှုတွေကြောင့် လူ ၂ဦးသေဆုံးပြီး ဆူပူမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၅၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေ ဦးအောင်သူရိန်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။