မဲဆောက်မှာ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရမှု သက်ဆိုင်တဲ့အဖွဲ့တွေနဲ့ NUG ညှိနှိုင်းနေ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.04.07
မဲဆောက်မှာ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရမှု သက်ဆိုင်တဲ့အဖွဲ့တွေနဲ့ NUG ညှိနှိုင်းနေ Lion Battalion အဖွဲ့ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်း၊ ဒုစစ်ကြောင်းမှူး ကိုသီဟနှင့် ကိုစောဖြိုးလေး။
Citizen Journalist

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းနိုင်ငံ အာဏာပိုင်တွေ ဖမ်းဆီးပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နယ်ခြားစောင့်တပ် BGF ဆီကို လွှဲပြောင်းပေးလိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က Lion Battalion တပ်ဖွဲ့ဝင် PDF သုံးဦးဟာ မဲဆောက်ကိုအသွား ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရှိတဲ့ဘက်ကို လမ်းမှားဝင်ရောက်သွားတဲ့အတွက် ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ Lion Battalion တပ်ဖွဲ့ဝင် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနဲ့ စောဖြိုးလေးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ဧပြီလ ၄ ရက်နေ့မှာ နယ်ခြားစောင့်တပ် BGF ဆီကို လွှဲပြောင်းပေးလိုက်တယ်လို့ Lion Battalion ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

သူတို့ကို နယ်ခြားစောင့်တပ် BGF အဖွဲ့ထံ လွှဲပြောင်းပေးလိုက်တာဟာ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့ NUG ကြေညာချက်မှာ ပါရှိပါတယ်။

ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ မိမိတို့နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတဲ့အတွက် အခုလိုဖြစ်စဉ်မျိုးတွေအပါအဝင် အလားတူဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ အထူးအလေးထား ဦးစားပေးဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

BGF တွေလက်ကနေ လွတ်မြောက်ဖို့ကြိုးစားချိန် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒုစစ်ကြောင်းမှူး ကိုသီဟဟာ ရင်ဘတ်ကျည်ထိမှန်ပြီး၊ စောဖြိုးလေးကတော့ ခြေထောက်ကို ထိမှန်ခဲ့တယ်လို့ Lion Battalion ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဲဒီနောက် သူတို့ သုံးဦးကို စစ်ကောင်စီဆီ လွှဲပေးလိုက်ပြီး လက်ရှိအချိန်ထိ သေဆုံးမှု ရှိမရှိ အတိအကျ မသိရသေးသလို RFA အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ သူတို့ ၃ ဦးကို စစ်ကောင်စီအနေနဲ့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို သိနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။