မှတ်ပုံတင်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲကိစ္စ ဆွေးနွေးပွဲကျင်းပ


2019.03.28
nrc-discussion-622.jpg မှတ်ပုံတင်လုပ်လျှင် ဘာတွေအခက်အခဲဖြစ်နေသလဲ ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Marvel မှာ ၂၀၁၉ မတ်လ ၂၈ ရက်နေ့ကျင်းပစဉ်
Photo: Khaymani Win/RFA

မှတ်ပုံတင် ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Marvel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မှတ်ပုံတင်ပျောက်ဆုံးသွားတာကြောင့် အသစ်ပြန်လျှောက်တဲ့အခါမှာ ငွေကြေးပေးဆောင်နေရပြီး အဆင် မပြေတာတွေရှိနေတာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးအရေးယူပေးစေချင်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ပြောကြပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ မှတ်ပုံတင်ရရှိဖို့ ခက်ခဲတာကြောင့် အလုပ်အကိုင်အခွင့်လမ်းတွေ ဆုံးရှုံးမှုတွေ ရှိနေကြောင်း ဆွေးနွေးပွဲတက်ရောက်သူတွေက ပြောကြပါတယ်။

မှတ်ပုံတင်ရရှိဖို့အတွက် ပြည်နယ်ဒေသမှာ လုပ်ရတာမခက်ခဲပေမယ့် မန္တလေးလိုမြို့ကြီးတွေမှာ အင်မတန် ခက်ခဲတယ်လို့ မန္တလေးမြို့ လီဆူလူမျိုး၊ လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ကပြောပါတယ်။

"လီဆူလူမျိုးက လီဆူလို့ပြောပါတယ်။ ရုံးမှာ ဝန်ထမ်းတွေက စာမတတ်တဲ့ လီဆူတွေကိုယ်စားရေးပေးတော့ လီရှော၊ လီဆော့တွေ သွေးနှောသတ်မှတ်ခံရတော့ အခွင့်အရေးတွေဆုံးရှုံးတယ်။ မြန်မာနိုင်ငံက ဟိုဘက် တံတားထိပ်ကနေ သည်ဘက်တံတားထိပ်စစ်တော့ ခရီးမထွက်ကြတော့ဘူး။ အလုပ်မရကြတော့ဘူး။ အနာဂတ် အတွက်တော့ လီဆူလူမျိုးတွေအတွက် ဝေးဝါးနေပြီ။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ရဲ့သားနဲ့ ကောင်းကောင်းမွန်မွန်မဖေးမဘူးဆိုရင် ကျနော်တို့လူမျိုးတွေ အနာဂတ်က အရမ်းေ၀ဝါးလွန်းပါတယ်"

ဒါ့အပြင် မှတ်ပုံတင် ပျောက်ဆုံးသွားတဲ့အခါမှာနဲ့ အသက် ၃၀ ပြည့်လို့ မှတ်ပုံတင်သွားရောက်လဲလှယ်တဲ့အခါ ယခင်မှတ်ပုံတင်မှာမပါတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ပြောင်းလဲထည့်သွင်းတာတွေ၊ ခေါ်ရလွယ်တဲ့အမည်တွေ ပြောင်းလဲတာတွေကို မှတ်ပုံတင်ပြုလုပ်ပေးတဲ့ဌာနက ပြောင်းလဲတာတွေရှိတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာ သူတွေက ဆွေးနွေးကြပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်လုပ်ရာမှာ ကြုံတွေရတဲ့အခက်အခဲတွေနဲ့ ပတ်သတ်ပြီး စစ်တမ်းပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ နိုင်ငံသားဖြစ်တည်မှု လူ့အခွင့်ရေးလှုပ်ရှားသူ မဆုချစ် ကလည်း သူကြုံတွေ့ခဲ့ရတာတွေကို အခုလိုပြောပါတယ်။

"တစ်ယောက်နဲ့တစ်ယောက် အမှုတွဲချင်းတူပေမဲ့ လိုအပ်လို့တောင်းတဲ့အချက်တွေက မတူဘူး။ လာဘ်စား မှုတွေ့ရတယ်။ မြန်မြန်ရချင်ရင်ပေးရမယ်။ အမှုတွဲက ထူရင်ထူသလောက် တရားမဝင်ငွေကြေးပေး ရတာတွေ့ရတယ်။ လဝက ရုံးကိုသွားတဲ့အခါမှာ တိုင်းရင်းသားတွေ ဘာသာစကားအခက်ခဲရှိတာတွေကိုလည်း တွေ့ရတယ်"

လက်ရှိအသုံးပြုပြောကြားနေတဲ့ သွေးနှောဆိုတဲ့စကားလုံးကို အသုံးပြုဖို့အတွက်ကို နိုင်ငံတော်က တရားဝင် ညွန်ကြားထားတာမရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး အငြိမ်းစား ဦးကြည်ဝင်းက ပြောပါတယ်။

"ကြားလည်းမကြားခဲ့ဖူးဘူး၊ စာထဲမှာလည်းမရှိဘူး။ စာနဲ့လည်းညွန်ကြားတာမရှိဘူး။ လူငယ်တွေက လူကြီးတွေပြောရင် လိုက်ပြောတယ်။ လွှတ်တော်မှာ လာရှင်းတော့ အဲဒီစကားလုံးသုံးသွားတာ။ လူကြီးသုံးတဲ့အပေါ်မှာ လိုက်သုံးတယ်လို့ပဲ သိပါတယ်"

နိုင်ငံံသားစိစစ်တဲ့အခါမှာ ကိုးကွယ်ရာဘာသာနဲ့ စိစစ်တာမရှိဘဲ ဥပဒေနဲ့ စိစစ်တာဖြစ်လို့ ဥပဒေနဲ့ ညီညွတ်ရင် ပေးရမှသာဖြစ်တယ်လို့  တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက်က ဦးအုန်းမောင် ကပြောပါတယ်။

"နိုင်ငံသားစိစစ်တဲ့အခါမှာ သူ့ကိုးကွယ်တာနဲ့ စိစစ်ရမယ်လို့ ဘယ်ဥပဒေမှမရှိဘူး။ ဘယ်လူမျိုးဖြစ်ရမယ်ဆိုတာ မရှိဘူး။ တိုင်းရင်းသားဟုတ်မဟုတ်ဘဲ စစ်တဲ့ကိစ္စပဲရှိတယ်။ ပုဒ်မ (၅)၊ ဒါကြောင့်မို့ ဥပဒေနဲ့အညီ ဖြစ်ခွင့်ရှိရင် ပေးကိုပေးရမယ်"

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကအဖွဲ့ဝင် ဒေါ်တင်မေထွန်းကလည်း လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိလာမယ်ဆိုရင် ကော်မရှင်ကို တိုင်ကြားဖို့ကိုလည်း ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒတွေနဲ့ လူတွေခံစားရမှာတွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ တိုင်ကြားနိုင်ပါတယ်။ ရုံးဖွင့်ရက်တိုင်း လက်ခံပါတယ်။ နေ့တိုင်းလည်း တိုင်စာတွေဝင်ပါတယ်”

မှတ်ပုံတင်ပျောက်ဆုံးသွားတာကြောင့် အသစ်ပြန်လျှောက်တဲ့အခါမှာ ငွေကြေးပေးဆောင်ခဲ့ရပြီး အဆင်ပြေမှု မရှိခဲ့တာတွေကိုလည်း လူအခွင့်အရေးကော်မရှင်ကို တိုင်ကြားသွားမှာဖြစ်သလို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအနေနဲ့လည်း စစ်ဆေးပေးစေချင်တယ်လို့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က ဦးထွန်းမောင် ကပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။