မြေပုံမှာ မွတ်စလင် ၄၀ လောက် နိုင်ငံသားဖြစ်မှု လူတွေ့စစ်ဆေးပြီးစီး
2014.08.07
ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်ထားတဲ့ မွတ်စလင် ၁၀၀၀ ကျော်ထဲက ၄၀ လောက်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ လူတွေ့စစ်ဆေးမေးမြန်းပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို စစ်ဆေးရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလိုပြောပါတယ်။
"တကယ့်တကယ်ကျတော့ သူတို့ရဲ့အဖေအမေ၊ သူတို့အဖိုးအဖွားရဲ့ တချို့အချက်အလက်လေးတွေ၊ နောက်ဘယ် မှာရောက်နေလို့ပါ၊ ကျန်တဲ့အချက်အလက်လေးတွေပေးပါ့မယ်၊ ပြန်ပြီးတော့ တင်ပြပါ့မယ်ပြောလို့ ခဏဆိုင်းငံ့ ထားတာကလွဲရင် ပယ်တယ်ဆိုတာကတော့ မရှိသေးပါဘူး"
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်လွှာတွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်လက်ခံခဲ့တာဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့ကစပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
လျှောက်လွှာတွေကို မြို့နယ်အဆင့်စစ်ဆေးပြီးသွားရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဒီနှစ်မကုန်ခင် နိုင်ငံသားဖြစ်ခွင့်ရမယ့်သူတွေကို အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။