ရှမ်းပြည်နယ် လူဦးရေ စာရင်းမှန်ရရေး ဆွေးနွေး
2014.01.29

ရှမ်းပြည်နယ်မှာ မှတ်ပုံတင်မရှိသူတွေ များလွန်းတာကြောင့် နိုင်ငံသားအခွင့်အရေးအရ မှတ်ပုံတင်တွေ ထုတ်ပေးသွားဖို့ တောင်းဆိုသွားမယ်လို့ တိုင်းရင်းသားများ လူဦးရေစာရင်းမှန်ရရှိရေး ကော် မတီက ဒီနေ့ တောင်ကြီးမြို့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
မနေ့က တောင်ကြီးမြို့မှာ စတင်ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ လူဦးရေစာရင်းမှန်ရရေး အစည်းအဝေးကနေ ဒီကိစ္စကို အကောင်အထည်ဖေါ် ဖို့ ဆွေးနွေးခဲ့တာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က RFA ကို အခုလို ပြောပါတယ်။
“နိုင်ငံသားတွေရဲ့ အခွင့်အရေး မှတ်ပုံတင်မရှိတာကို မှတ်ပုံတင်ရဖို့ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရှမ်းပြည်နယ်မှာ အခြေအနေ အကျိုးအကြောင်း အမျိုးမျိုးကြောင့်ပေါ့နော်၊ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံး တော်တော်များများဟာ မှတ်ပုံတင်မရှိကြဘူး၊ အိမ်ထောင်စုစာရင်း မရှိတဲ့အခြေအနေ အတော်များများရှိတယ်၊ အဲဒါကို အဓိကဖော်ဆောင်ပေးဖို့ အကူအညီပေးဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ ဖြစ်ပေါ်လာတဲ့ ကော်မတီရဲ့ အစည်းအဝေးပါ”
နှစ်ရက်ကြာကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို ရှမ်းပြည်နယ်အတွင်းရှိ မြို့ပေါင်း ၅၇ မြို့က ကော်မတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပလောင်၊ ကယန်းနဲ့ အင်းတိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်တွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများလူဦးရေ စာရင်းမှန်ရရှိရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာကျင်းပခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကိုတော့ ကျောက်မဲမြို့မှာ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။