အပစ်ရပ်စတဲ့နေ့မှာ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီ တိုက်ခိုက်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
2024.01.12

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူညီချက် စတင်အသက်ဝင်တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ထိုးစစ်တွေ မရှိပေမဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ ရပ်ရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရပ်ကြာဆွေးနွေးခဲ့ပြီးနောက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်တဲ့နေ့ ဖြစ်ပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေနေတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
တအာင်းဒေသ နမ့်ဆန်မြိုနယ်က ကွယ်ဟယ်ကျေးရွာကို လေကြောင်းကနေ ငါးကြိမ် တိုက်ခိုက်ခဲ့သလို နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ “နမ့်ပေါင်တပ်စခန်း” ကနေ ကုန်ပေါင်ကျေးရွာကို လက်နက်ကြီးနဲ့ (၆) ကြိမ်၊ မခီနုကျေးရွာ နဲ့ အီနိုင်းကျေးရွာတွေကို လက်နက်ကြီးနဲ့ (၄) ကြိမ်စီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်တွေက လက်နက်ကိုင်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အထိုင်ချတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်ညပိုင်းက စတင်ကာ နှစ်ဖက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲဖို့၊ နှစ်ဖက်တပ်တွေကြား ပစ်ခတ်တိုက်ခိုက်တာနဲ့ ထိတွေ့တိုက်ပွဲတွေမရှိဖို့၊ အငြင်းပွားစရာတွေ၊ ပစ်ခတ်တာတွေဖြစ်လာရင် တွေ့ဆုံဆွေးနွေးတဲ့ လမ်းစဉ်နဲ့ ဖြေရှင်းဖို့ဆိုတဲ့ အချက်သုံးချက်ကို “ဟိုင်ဂင်သဘောတူညီမှု” ရလဒ်ဆိုပြီး ကြေညာခဲ့တာပါ။
စစ်ကောင်စီဘက်က သဘောတူညီချက်ကို မလိုက်နာဘဲ ပစ်ခတ်မှုတွေရှိတယ်ဆိုတဲ့ မြောက်ပိုင်းသုံးဖွဲ့သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။