မြောက်အိုင်ယာလန် အတွေ့အကြုံ မြန်မာအတွက် အသုံးတည့်
2013.10.25
မြောက်ပိုင်း အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေး အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူရပါလိမ့်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မြောက်ပိုင်းအိုင်ယာလန် Belfast မြို့ကို ရောက်ရှိခဲ့ပါတယ်။
မြောက်အိုင်ယာလန်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ပထမနဲ့ ဒုတိယဝန်ကြီးတို့ အမေရိကန် ပြည်ထောင်စုမှာ ကုန်သွယ်ရေးဆွေးနွေးနေကြတဲ့အတွက်၊ အငယ်တန်းဝန်ကြီးတွေဖြစ်ကြတဲ့ Jonathan Bell နဲ့ Jennifer McCann တို့က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရုံးစိုက်ရာ Stormont ရဲတိုက်မှာ ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့သူတွေနဲ့တွေ့ဆုံပြီး၊ တချိန်က ဗြိတိသျှအစိုးရကို ဆန့်ကျင်အုံကြွခဲ့ပြီးနောက်ပိုင်း သင့်မြတ်အောင် စေ့စပ်ညှိနှိုင်းခဲ့ကြတဲ့ အခြေအနေတွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် Belfast မြို့က Wellington ကောလိပ်ကိုသွားရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ မြောက်အိုင်ယာလန် အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မိမိလေ့လာသိရှိခဲ့ရတာတွေဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
အခုလို မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပထွက်ပြီး အကူအညီရှာဖွေနေတာနဲ့ ပတ်သက်ပြီး သတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာမှာ
"ဒီကနေ့ ကမ္ဘာမှာ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေဟာ အရေးကြီးလာသလို၊ သြဇာလည်းကြီးလာနေပါတယ်၊ ကျမတို့အတွက် နိုင်ငံတကာ အကူအညီသာမရခဲ့ဘူးဆိုရင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ အခုထက်ပိုပြီးခက်ခဲမှာပါ"
ဒါကြောင့် မြောက်အိုင်ယာလန်နဲ့အတူ မြန်မာ့အရေး ကူညီခဲ့ကြတဲ့နိုင်ငံတွေကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ သောကြာနေ့မှာ ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst ကို သွားရောက်ကြည့်ရှုပြီး မိန့်ခွန်းပြောကြားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ အီတလီနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။