Non-CDM တွေကို တော်လှန်ရေးမှာ လျှို့ဝှက်စွာပါအောင်သာ လုပ်သင့်ကြောင်း ဗကသထုတ်ပြန်

RFA Burmese
2023.01.30
Non-CDM တွေကို တော်လှန်ရေးမှာ လျှို့ဝှက်စွာပါအောင်သာ လုပ်သင့်ကြောင်း ဗကသထုတ်ပြန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်။
RFA

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါဝင်သေးတဲ့ Non-CDM တွေဟာ တော်လှန်ရေးအတွက် အဓိကအားထားရမယ့် အင်အားစုတွေ မဟုတ်သလို အဓိက ဦးတည်တိုက်ခိုက်ရမယ့်သူတွေ လည်း မဟုတ်ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Non-CDM တွေရဲ့ လက်တွေ့လူမှုဘဝ အကျဉ်းအကျပ်ထဲမှာ ရှင်သန်နေထိုင်ရမှုကို အတိုင်းအတာတစ်ခုအထိ စာနာ နားလည်ပေးရမှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု တွေ မလုပ်ဆောင်ဖို့၊ စစ်ကောင်စီရဲ့ ဖိနှိပ်ရေးယန္တရား တွေမှာ တက်တက်ကြွကြွပါဝင်ခြင်း မပြုကြဖို့သာ တောင်းဆိုသင့်တယ်လို့ ဗကသများ အဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

Non-CDM တွေ တော်လှန်ရေးမှာ လျှို့ဝှက်စွာ ပါဝင်ကူညီနိုင်အောင်လုပ်ဖို့၊ လက်ရှိ CDM လုပ်ထားသူတွေရဲ့ ရှင်သန်ရပ်တည်မှုအတွက် အလေးအနက်ထား အကောင်အထည်ဖော် ဖို့နဲ့ CDM တွေရဲ့ အနာဂတ် အတွက် အာမခံချက်အပြည့်ရှိတဲ့ မူဝါဒတွေကို ရေးဆွဲ ပြင်ဆင်မှု ပြုလုပ်သင့်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ CDM ဆိုင်ရာမူဝါဒကို ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ Non-CDM ဝန်ထမ်းတွေကို အရေးယူခြင်းဆိုတဲ့ အခန်းကို သီးခြား ဖော်ပြထားတဲ့အပေါ် အခုလိုထုတ်ပြန် တိုက်တွန်းခဲ့တာပါ။

NUCC ရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဆိုင်ရာ မူဝါဒစာတမ်းရဲ့ အခန်း (၄) မှာ အချက် (၁၄) ချက်ပါဝင်ပြီး Non-CDM ဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာ၊ အမည်ပျက်စာရင်း သွင်းတာ စတဲ့ပုံစံတွေနဲ့ အရေးယူမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီကလည်း CDM တွေကို ဖမ်းဆီးတာတွေရှိသလို တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း တော်လှန်ရေးအင်အားစုတွေက Non-CDM တွေကို ဖမ်းဆီး အရေးယူတာတွေနဲ့ CDM ဝင်ကြဖို့ တိုက်တွန်းတာတွေ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။