စစ်ကိုင်းက မြို့ငါးမြို့မှာ ဘက်ပြောင်းလာတဲ့ Non-CDM ဝန်ထမ်း လေးရာကျော်ရှိလာ
RFA Burmese
2023.12.05
2023.12.05

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်ငါးမြို့နယ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ပူးပေါင်းလာတဲ့ Non-CDM (စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်သူ) ဝန်ထမ်း လေးရာကျော် ရှိနေပြီလို့ အဲဒီတပ်ဖွဲ့တွေက ပြောပါတယ်။
ကသာမြို့မှာ ၈၅ ဦး၊ အင်းတော်မြို့မှာ ၁၀၂ ဦး၊ ဝန်းသိုမြို့မှာ ခြောက်ဆယ်ဦး၊ ထီးချိုင့်မြို့မှာ တစ်ရာကျော်နဲ့ ကောလင်းမြို့မှာ တစ်ရာနီးပါး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
အဲဒီအထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ အများဆုံး ပါဝင်ပြီး ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား အနည်းငယ်သာ ပါဝင်သေးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပူးပေါင်းလာတဲ့ Non-CDM ဝန်ထမ်းတွေကို နိုင်ငံဝန်ထမ်းရေးရာ ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။
“ညွှန်ချုပ်နဲ့ အထက်ဆို ဒီလူတွေကို အလုပ်ဖြုတ်မယ်။ အယူခံဝင်ခွင့်မရှိဘူး။ လက်ထောက် ညွှန်ကြားရေးမှူးအောက်ဆိုရင် အလုပ်ဖြုတ်မယ်။ အယူခံဝင်ခွင့်တော့ ရှိတယ်။ သူတို့ရဲ့ အယူခံပေါ် မူတည်ပြီးတော့ ကန့်သတ်ချက်အချို့နဲ့ တာဝန် ထမ်းဆောင်မယ်ဆိုရင် ထမ်းဆောင်ခွင့် ပေးမယ်။ တော်လှန်ရေးကာလတစ်လျှောက်မှာ Non-CDM တစ်ယောက်အနေနဲ့ CDM တွေအပေါ်မှာ ဖိနှိပ်တာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်ခဲ့တာတွေ အမှုပေါ်ပေါက်ရင် ဝန်ထမ်းရေးရာ ဥပဒေနဲ့တင်မကတော့ဘဲ တခြားဥပဒေ ပုဒ်မတွေနဲ့ပါ အရေးယူသွားမှာ ဖြစ်ပါတယ်”
ဒါ့အပြင် Non-CDM ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေး ကော်မတီကိုလည်း မြို့နယ်အလိုက် ဖွဲ့စည်းပြီး ပူးပေါင်းလာသူတွေကို ဆက်ပြီး စိစစ်ဆောင်ရွက်သွားမယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
ကျန်တဲ့ မြို့နယ်အချို့မှာလည်း ပူးပေါင်းလာတဲ့ Non-CDM ဝန်ထမ်းတွေ ရှိနေပေမယ့် စာရင်းတွေကို စိစစ်နေဆဲ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာပြီး Non-CDM ဝန်ထမ်းတွေကို လာရောက်ပူးပေါင်းဖို့ မြို့နယ်အလိုက် ပကဖ၊ ပအဖ အဖွဲ့တွေက သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ပိုများလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်လုပ်နေတဲ့ (Non-CDM) ဝန်ထမ်းတွေ တစ်ဖက်ကို ပူးပေါင်းသွားတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်းမှာ ကောလင်းနဲ့ ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကစလို့ ကောလင်းမြို့ကို NUG အစိုးရအုပ်ချုပ်မှု စတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
(မှတ်ချက်။ မူလသတင်းခေါင်းစဉ် ဖြစ်သည့် "စစ်ကိုင်းက မြို့ငါးမြို့မှာ အလင်းဝင်လာတဲ့ Non - CDM ဝန်ထမ်း လေးရာကျော်ရှိလာ" အစား "စစ်ကိုင်းက မြို့ငါးမြို့မှာ ဘက်ပြောင်းလာတဲ့ Non-CDM ဝန်ထမ်း လေးရာကျော်ရှိလာ" ဟူ၍ ပြင်ဆင်ရေးသားထားပါသည်။ )