တော်လှန်ရေးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်မယ်လို့ KNU ပြော

RFA Burmese
2023.10.15
တော်လှန်ရေးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်မယ်လို့ KNU ပြော ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးအား ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
Screenshot: Karen National Media

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တော်လှန်ရေးကို အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာလ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။

KNU ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရသူ ပဒိုစောတောနီးက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗွီဒီယိုရုပ်သံဖိုင်နဲ့ ဒီနေ့ပြောခဲ့တာပါ။

“ဘက်ပေါင်းစုံက အကျပ်အတည်းတွေ့ရှိနေတဲ့၊ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ဘယ်လိုမှ မလူးသာ မလှုပ်သာနဲ့ သူရဲ့ ထွက်ပေါက် မရတော့ပါဘူး။ အဲဒါကြောင့် သူက ကောက်ရိုးတစ်မျှင်စာ ကယ်တင်မှုကို ရလိုရငြားနဲ့ သူက ဒီမျှော်လင့်ချက်နဲ့ လုပ်တာပဲဖြစ်ပါတယ်။ ကျွန်တော်မြင်တာကတော့ လုံးဝမရတော့ပါဘူး၊ ရှုံးမယ့်အဖွဲ့က ရှုံးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြောချင်တာကတော့ လူထုက ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီပင်ပန်းမှုဟာ ကျွန်တော်တို့ ရပ်ထားလို့ မရပါဘူး။ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ ကျွန်တော်တို့ကို တွန်းအားပေးကြပါ။ ကျွန်တော်တို့ ကိုယ်တိုင်က ရှေ့ကနေ မားမားရပ်ပြီးတော့ ဒီတော်လှန်ရေးတိုက်ပွဲကြီးကို အောင်မြင်တဲ့အထိ ကျွန်တော်တို့ ရှေ့ဆောင်ဦးဆောင်ပြီးတော့ တိုက်သွားပါမယ်ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်”

စစ်ကောင်စီလုပ်နေတဲ့ ပွဲလမ်းသဘင်နဲ့ နှစ်ပတ်လည် အခမ်းအနားနေ့တွေဟာလည်း ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

KNU အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတွက် တက်ကြွစွာ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီဟာ အဲဒီသဘောတူညီမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက် NCA သဘောတူညီချက်စာချုပ် လုံးဝမရှိတော့ဘူးလို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

KNU ရဲ့ သဘောထားနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ NCA မှာ ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ (KNU) နဲ့အတူ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်ပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ ကျင်းပ နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှု မရှိတဲ့အပြင် အခြေခံမူတွေကို ချိုးဖျက်ခဲ့ပြီးမှ NCA လက်မှတ်ထိုးတဲ့ ရှစ်နှစ်ပြည့်လုပ်မယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။