NLD နဲ့ SNLD ပါတီ ဖျက်သိမ်းခံရနိုင်တယ်လို့ စစ်ကောင်စီရဲ့ UEC သတိပေး

2022.02.23
NLD နဲ့ SNLD ပါတီ ဖျက်သိမ်းခံရနိုင်တယ်လို့ စစ်ကောင်စီရဲ့ UEC သတိပေး ဝမ်းတွင်းမြို့နယ်မှာ NLD ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ်
File Photo - AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို သတ်မှတ်ချိန်အတွင်း ငွေစာရင်း လာအစစ်မခံရင် ပါတီဖျက်သိမ်းတဲ့အထိ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်ပါတယ်။

အဲ့ဒီ နှစ်ပါတီကို လာရောက်အစစ်ခံဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက အကြောင်းကြားထားပေမယ့် လာအစစ်မခံဘဲ ပျက်ကွက်နေတယ်လို့ ဖေဖော်ဝါရီ ၂၃ ရက် ဒီကနေ့မှာ စစ်ကောင်စီကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ သူတို့ပါတီ အနေနဲ့ စာရင်းစစ်ခံဖို့ အသင့်ပြင်ထားပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်သလို နေပြည်တော်ကိုတော့ သွားအစစ်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ အစစ်ခံဖို့ အားလုံးပြင်ထားပြီးသား၊ ဒါပေမဲ့ စာရင်းစစ်မယ်ဆိုတာ အစစ်ခံရမယ့် အဖွဲ့ အစည်းရှိတဲ့နေရာထိ တာဝန်ရှိသူက လာစစ်ရမှာ၊ တခြားနေရာကို သွားစစ်ခံရမယ်ဆိုတာ ကျနော်တို့ စာရင်းနဲ့ ပတ်သက်လို့ အမှားအယွင်းရှိလား၊ ဒါမှမဟုတ် ကျနော်တို့မှာ အပြစ်တစုံတရာ ရှိလို့လားလို့ ခံယူတယ်၊ ဒါ့ကြောင့် သူတို့ချိန်းတဲ့နေရာ မသွားနိုင်ဘူး"

စာရင်း စစ်မခံလို့ နိုင်ငံရေးပါတီကို ဖျက်သိမ်းမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်မရှိဘူးလို့လည်း သူက ဆိုပါတယ်။

"UEC ရဲ့ အဆုံးအဖြတ်သာ အဓိကဆိုရင်လည်း သူတို့ လုပ်ပိုင်ခွင့် အတိုင်းလုပ်၊ ကျနော်တို့ကတော့ ရည်တည်ချက်အတိုင်း ဆက်သွားမယ်၊ အခုအချိန်စာရင်း စစ်တယ်ဆိုတာ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်တာလို့ နားလည်တယ်၊ ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ပြောထားတယ်၊ ဖြစ်မှာ မဖြစ်မှာက တပိုင်းပေါ့၊ တကယ်လို့ ဖြစ်လာရင် ဘယ်ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ကြိုသုံးသပ်ဖို့လို ယူဆတယ်၊ ဒီနေ့ ဒီအချိန်မှာ ငွေစာရင်းဆိုတာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စ မဟုတ်ဘူး" လို့ ဦးစိုင်းလိတ်ကပြောပါတယ်။

SNLD.jpg

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို SNLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။

NLD ပါတီနဲ့ SNLD ပါတီဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ ပါတီကြီးတွေ ဖြစ်ပါတယ်။

NLD ပါတီကလည်း သူတို့ရဲ့ ခေါင်းဆောင်တွေ ဖမ်းခံထားရတာကြောင့် စာရင်းစစ်ခံဖို့ မရှိဘူးလို့RFA ကို ပြောပါတယ်။

NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက “တာဝန်ရှိဆုံး ပုဂ္ဂိုလ်တွေကို ဖမ်းထားပြီး စာရင်းစစ်မယ်ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိပါဘူး၊တကယ်စစ်ချင်ရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗဟိုအလုပ်မှုဆောင်တွေ အကုန်လုံးကို ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ပါတီရုံးတွေကို ဖောက်ခွဲဖျက်စီးတာ၊ မီးရှို့တာ ၉၁ ကြိမ်လောက်ရှိပါတယ်။ ဒါ့ကြောင့် ပါတီလုပ်ငန်းတွေ ကောင်းကောင်းမလုပ်ရသေးချိန်မှာ စာရင်းစစ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်သေးပါဘူး" လို့ ဆိုပါတယ်။

မတ်လ ၉ ရက်နေ့ကို နောက်ဆုံးထားလာရောက် အစစ်ခံဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်ထားတာဖြစ်ပါတယ်။

ပျက်ကွက်ရင် နိုင်ငံရေးပါတီတွေကို ယာယီရပ်ဆိုင်းတာ၊ ဖျက်သိမ်းတာအထိ အရေးယူနိုင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င) တို့နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ UEC ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုပြီး နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင် အင်အား၊ ပါတီပိုင် ရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်းထားတာ၊ ထိန်းသိမ်းတာ၊ သုံးစွဲတာ၊ ပါတီဆိုင်ရာလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုတာတွေကို အခုရက်ပိုင်းမှာ လိုက်လံစစ်ဆေးနေတာပါ။

“တကယ်စစ်ချင်ရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အကုန်လုံးကို ပြန်လွှတ်ပေးဖို့ လိုပါတယ်"

နိုင်ငံရေးပါတီ ဘယ်နှစ်ခုကို စစ်ဆေးပြီးပြီ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီလို ပါတီတွေကို လိုက်လံစစ်ဆေးရာမှာ လက်ရှိ UEC အဖွဲ့ဝင်တွေအပြင် စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတွေက ဌာနဆိုင်ရာကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။

NLD အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ UEC ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေအားလုံးကို စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထားပြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အသစ်ကို စစ်ကောင်စီက ပြောင်းလဲ ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-23 19:01

မှန်မှန် ကန်ကန်လုပ်တဲ့ပါတီကျတော့စစ်ချင်တယ်ပေါ့