ပြည်သူ့အာဏာ ပြန်ရရှိရေး ဆက်ကြိုးစားမယ်လို့ NLD ပြော

2022.02.01
ပြည်သူ့အာဏာ ပြန်ရရှိရေး ဆက်ကြိုးစားမယ်လို့ NLD ပြော ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပညာရေးဝန်ထမ်းတွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

ပြည်သူတွေရဲ့ စစ်မှန်တဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ကျရောက်တဲ့ စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောလိုက်ပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ NLD ကြေညာချက်မှာ စစ်ကောင်စီဟာ အာဏာသိမ်းထားတဲ့ တစ်နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တိုင်းရင်းသားတွေ၊ CDM ဝန်ထမ်းတွေ၊ ရဟန်း သံဃာတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦး အပါအဝင် NLD ပါတီဝင် ၆၈၆ ဦး ဖမ်းဆီးခံထားရပြီး၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင် ပါတီဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အပြစ်မဲ့ပြည်သူ လေးသိန်းနီးပါးရှိနေပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဘာသာရေးအဆောက်အဦတွေ အပါအဝင် ပြည်သူ့အိုးအိမ် အလုံး ၅၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ NLD က ပြောပါတယ်။

ဒါ့အပြင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာလည်း ကလေး လေးဦး အပါအဝင် အရပ်သား ၃၅ ယောက် အစုအပြုံလိုက် သတ်ဖြတ်မီးရှို့ခံခဲ့ရကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ NLD ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) အစည်းအဝေးကို မနေ့က အရေးပေါ်ခေါ်ယူခဲ့ပြီး NUG၊ CRPH နဲ့ PDF တွေရဲ့ လှုံ့ဆော်မှုကြောင့် ဒီတစ်နှစ်တာကာလအတွင်း တိုက်ခိုက်မှုပေါင်း ၉,၄၃၇ ကြိမ် ဖြစ်ခဲ့တယ်၊ ဝန်ထမ်း ၉၅ ဦး သေဆုံးပြီး ၁၅၃ ဦးဒဏ်ရာရ၊ အုပ်ချုပ်ရေး တာဝန်ရှိသူ ၃၆၇ ဦး သေဆုံးပြီး ၃၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။