မြစ်ဆုံစီမံကိန်းကိစ္စ The Daily Eleven သတင်းစာဖော်ပြချက် NLD ရှင်းလင်း
2014.01.04
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သင့်၊ မသင့်ကို NLD ပါတီနဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သဘောထားတွေဟာ ပြတ်သားမှုမရှိကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ကိစ္စဟာ တစ်ဖက်သတ်စွပ်စွဲခြင်းဖြစ်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။
မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ တရုတ်ကုမ္ပဏီ CPI နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို မသိတဲ့အတွက် ယတိပြတ် မပြောဆိုနိုင်တာဖြစ်ကြောင်း ဦးဝင်းမြင့်က RFA ကို အခုလို ပြောပါတယ်။
"ဒါနဲ့ပတ်သက်လို့ ကျနော်တို့ခေါင်းဆောင်က ဖြေကြားပြီးသားပါ၊ ပြီးခဲ့တဲ့ ၂ ရက်နေ့ကလည်း ဖြေကြားပြီးသား၊ ဟိုတုန်းကလည်း ဖြေကြားပြီးသား၊ ကျနော်တို့ဟာ အခြေအနေအရပ်ရပ်ကို ဘာမှမသိဘဲနဲ့ လုပ်မယ်၊ မလုပ်ဘူး ဒါကို ဘယ်လိုလုပ်ပြောမလဲ၊ သူတို့က ကိုယ့်အစိုးရလည်း မဟုတ်ဘူးလေ၊ နောက်သူတို့ဟာ ယာယီရပ်ဆိုင်းတယ်ဆိုတာက အပြီးပယ်ဖျက်တာလည်း မဟုတ်ဘူး၊ အဲဒါကို မလုပ်တော့ ဖျက်သိမ်းလိုက်တာလည်း မဟုတ်ဘူး၊ ငါးနှစ်ရပ်ဆိုင်းပြီးတော့ နောက်တက်မယ့် အစိုးရအပေါ်ပုံချခဲ့တာ၊ အဲဒီပုံချခဲ့တာကျတော့ သမိုင်းတရားခံအဖြစ်က လွတ်သွားပြီ၊ ကျနော်တို့ကပဲ တာဝန်ရှိသလိုလို၊ ပါတီရော အဖွဲ့ချုပ်ဥက္ကဌကိုရော ပြောထားတော့ ဒါကတော့ မဖြစ်သင့်တော့ ကျနော်လည်း ပြန်ရှင်းတာပေါ့"
ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ သတင်းထောက်တွေက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။
"ကျမကဆိုလို့ရှိရင် ဒီစာချုပ်ထဲမှာ ဘာပါသလဲဆိုတာ ပထမကြည့်မယ်၊ ကြည့်ပြီးမှ အဖြေပေးမယ်၊ စာချုပ်ထဲမှာ ဘာပါမှန်းလဲမသိဘူး၊ ပြည်သူလူထုလည်း မသိဘူး၊ ဒါပြည်သူလူထုကို အသိပေးသင့်တယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ၊ အဲတော့ ဘာတွေ ကတိကဝတ်တွေခံထားသလဲ၊ နောက်ကျတော့ ဒီကတိကဝတ်တွေကို ခံရမှာ ဒီနိုင်ငံကပဲ ခံရမှာ၊ ပြည်သူကပဲ ခံရမှာ၊ အဲဒီဟာတွေလည်း မသိဘူး၊ ဘာကို သဘောတူညီထားမှန်းလည်း မသိဘူး၊ အဲတော့ ဘာပဲပြောပြောပေါ့နော် ဒီစာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေက တာဝန်သိစိတ်တော့ရှိရမှာ၊ မသိချင်ယောင်ဆောင်နေလို့တော့ မရဘူး၊ မသိကျေးကျွန်ပြုနေလို့ မရဘူး"
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုအစိုးရသက်တမ်းအတွင်း ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။