ကော်မရှင်သစ်ရဲ့ စစ်ဆေးမှုကို လက်ခံမှာမဟုတ်ကြောင်း NLD ပြော

2022.02.18
ကော်မရှင်သစ်ရဲ့ စစ်ဆေးမှုကို လက်ခံမှာမဟုတ်ကြောင်း NLD ပြော စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကို ၂၀၂၁ မေ ၂၁ ရက်က တွေ့ရစဥ်
Photo: UEC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ စစ်ဆေးမှုတွေကို လက်ခံဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက RFA ကို ဒီနေ့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ငွေစာရင်းစစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့ RFA က မေးမြန်းခဲ့ရာမှာ ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောဆိုခဲ့တာပါ။

“ရှိထားတဲ့ ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းတယ်ဆိုတာလည်း တရားမဝင် ပါဘူး။ ပြီးတော့ ပါတီကို ငွေစာရင်းစစ်မယ်ဆိုတဲ့ကိစ္စကလည်း ပါတီရဲ့ အလုပ်မှုဆောင် အဖွဲ့ဝင်တွေ အကုန်လုံးကို မတရားဖမ်းဆီး ထိန်းသိမ်းထားပြီးတော့ စစ်ဖို့ဆိုတာက လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ စစ်ဆေးမယ့်အဖွဲ့ကလည်း ဥပဒေနဲ့အညီ စစ်ဆေးပိုင်ခွင့်ရှိတဲ့အဖွဲ့ဖြစ်ဖို့တော့လိုတယ်"

ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၈ ရက်နေ့အတွင်းမှာ NLD ပါတီအပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ တို့ကို ငွေစာရင်း စစ်ဆေးသွားမယ်လို့ UEC က ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့အချိန်အထိ NLD ပါတီကို တရားဝင်အကြောင်းကြားတာမရှိသလို တဘက် မှာလည်း NLD ပါတီ ခေါင်းဆောင်ပိုင်း ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ အားလုံးနီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရလို့ ပါတီရဲ့ အရေးကြီးတဲ့လုပ်ငန်းစဉ်တချို့ကို လောလောဆယ် ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ UEC ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုပြီး နိုင်ငံရေး ပါတီတွေရဲ့ ပါတီဝင် အင်အား၊ ပါတီပိုင် ရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်းထားတာ၊ ထိန်း သိမ်းတာ၊ သုံးစွဲတာ၊ ပါတီဆိုင်ရာလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုတာတွေကို အခုရက်ပိုင်းမှာ လိုက်လံစစ်ဆေးနေတာပါ။

နိုင်ငံရေးပါတီ ဘယ်နှစ်ခုကို စစ်ဆေးပြီးပြီ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

အဲဒီလို ပါတီတွေကို လိုက်လံစစ်ဆေးရာမှာ လက်ရှိ UEC အဖွဲ့ဝင်တွေအပြင် စာရင်းစစ် ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွေက ဌာနဆိုင်ရာကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။

NLD ပါတီက ခန့်အပ်ထားတဲ့ လက်ရှိ UEC ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေအားလုံးကို စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားပြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အသစ်နဲ့ အစားထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။