NLD မှာ CEC ထားရှိတော့မှာ မဟုတ်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသစ် ဖွဲ့စည်းတဲ့အခါ အရင်ကလို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မထားရှိတော့ဘဲ ပုံသဏ္ဍာန်တမျိုးနဲ့ ဖွဲ့စည်းမယ်လို့ ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦးက ပြောကြားပါတယ်။

2012.01.07
tin_oo_NLD_305_z.jpg ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး မိန့်ခွန်း ပြောကြားနေစဉ်။
(Photo: AFP)

“အပေါ်မှာ ခေါင်းဆောင် တယောက်ရှိပြီး ကျန်တာကို အဖွဲ့ဝင်ပေ့ါ၊ ကောင်စီသဘောမျိုးပေါ့လေ။ လူငယ်တွေ များမယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါမယ်။ တနင်္လာနေ့ အောင်နိုင်ရေးအဖွဲ့မှာ ထပ်ပြီး ပုံဖော်ရမှာပေ့ါ”

ခုလာမယ့် တနင်္လာနေ့မှာ စတင်ထုတ်ပေးမယ့် ပါတီဝင် လျှောက်လွှာတွေကိုလည်း တိုင်းနဲ့ ပြည်နယ်အလိုက် ကြိုတင် ထုတ်ပေးနေတယ်လု့ိ သိရပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ဦးတင်ဦးက အခုလို ပြောပြပါတယ်။

“အဲဒီ လျှောက်လွှာတွေ ပေးပြီးရင် Smart Card ဖြစ်အောင် ကြိုးစားပြီးလုပ်မယ်။ ဒီကြားထဲမှာလည်း ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အခု ၄၈ နေရာက ကိုယ်စားလှယ်လောင်းတွေအတွက် ဆွေးနွေးပြီး စိစစ်တင်ပြဖို့ ရှိတယ်”

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို လျာထား ရွေးချယ်ရာမှာ ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူတွေ၊ ပညာအရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ NLD က ကြေညာထားပါတယ်။

ဒီအတောအတွင်း ဆရာဦးဝင်းတင် ဦးစီးပြီး D-Wave စာစောင် ထုတ်ဝေဖို့လည်း ပြင်ဆင်နေပြီး ပါတီဝင် မဟုတ်တဲ့ စာရေးဆရာတွေ ကဗျာဆရာတွေလည်း စာမူ ပေးပို့ထားတယ်လို့ သိရပါတယ်။

စာစောင်ကို ဆရာဦးဝင်းတင်က ‘ဒီမိုကရေစီလှိုင်း’ လို့ အဓိပ္ပာယ်ဆောင်တဲ့ “ဒီလှိုင်း” ဆိုပြီး ကနဦးက နာမည်ပေးခဲ့တာပါ။ နောက်ပိုင်းမှာ လူငယ်တွေနဲ့ ညှိနှိုင်းပြီး ‘D-Wave’ အမည်နဲ့ ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။