ကြံ့ခိုင်ရေးပါတီကတင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်းကို NLD မေးခွန်းထုတ်


2019.09.22
nld-press-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ စက်တင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ပါတီဌာနချုပ်မှာ ကျင်းပစဉ်
ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က တပ်မတော်နဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ချက်တွေအပေါ် အခုလိုပြောလိုက်ပါတယ်။

"လွှတ်တော်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကြီးကနေပြီးတော့ အဲဒီလိုပူးပေါင်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ဖို့လို့ အတည်ပြု အဆုံးအဖြတ်ပြုပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာဖို့သင့်တယ်၊ လိုက်နာဖို့ကောင်းတယ်၊ အဲဒီရဲ့နောက်ကျတော့မှ တစ်ဦးချင်း တစ်ဦးချင်းကနေ အခုသိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့တွေ ငါးခုတောင်ရှိနေပြီ၊ ဆိုတော့ အဲလို အနေအထားမျိုးတွေရှိတယ်၊ အဲတော့ ကျွန်တော်တို့ကပြောချင်တာက ဘာလဲဆိုရင် တကယ်လို့သာ ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်ရင် တကယ်တည်ငြိမ်တဲ့ဥပဒေ ပြင်ဆင်နိုင်တဲ့ ဥပဒေကြမ်းတစ်ခု ထွက်လာနိုင်တဲ့အနေအထားမျိုးမှာ ဘာကြောင့် အဲလိုလုပ်နေတာလည်းဆိုတာ မေးရမှာတော့ သူတို့ကိုပဲ မေးရတောမယ့်အနေအထားမျိုးမှာပဲ ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဘာမှအထူးပြန်ပြီးတော့ တုံ့ပြန်စရာမရှိဘူး၊ ဒါပေမဲ့လို့ ဘာတော့ကျွန်တော်တို့ပြောချင်လဲဆိုတော့ တကယ်တမ်း အပြုသဘောဆောင်တဲ့နည်းနဲ့သာ ဆောင်ရွက်ကြမယ်ဆိုရင်တော့ အင်မတန်မှ တိုင်းပြည်အတွက် သင့်တော်လျောက်ပတ်မယ်လို့ ကျွန်တော်တို့က ပြောချင်တယ်၊ အခုအခြေအနေမျိုးက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေဆီက မဲ လက်မှတ်ထိုး ရနိုင်သလောက် ငါတို့လည်း လုပ်ချင်သလိုလုပ်နေမယ်ဆိုတဲ့ ပုံစံမျိုးက နိုင်ငံတော်အတွက် ပြည်ထောင်စုအတွက် ကောင်းသလား မကောင်းသလား စဉ်းစားကြရန်တာဝန်ရှိတယ်လို့ပဲ ကျွန်တော်တို့ကမြင်ပါတယ်"

NLD ပါတီဟာ မနေ့ကစပြီး ဗဟိုကော်မတီ အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဒီနေ့လယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဆက်လက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းဟာ တပ်ရဲ့ နယ်နိမိတ်ကို ပိုပြီးချဲ့ထွင်လာချင်တဲ့ ရည်ရွယ်ချက်ကို ဦးတည်လေသလားလို့လည်း ဦးအောင်ကြည်ညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေမူကြမ်း အခုနောက်တင်လာတာရှိတယ်၊ အဲ့တင်လာတာကတော့ ကာလုံကိုနောက်ထပ် ကာလုံအဖွဲ့အနေနဲ့ဆိုရင် တကယ်လို့ တိုင်းပြည်အခြေအနေ ယိုယွင်းလာရင် လွှတ်တော်ကို ပယ်ဖျက်ဖို့ရာအတွက် သမ္မတကို အကြံပေးနိုင်တယ်ဘာညာဆိုတဲ့ ခုနှစ်ချက်လောက် ပါလာတာကို သွား တွေ့ရတယ်၊ အဲလိုပါလာတာကို သွားတွေ့ရအဲ့အခါ ဘာကိုသွားတွေ့သလဲဆိုရင် ရှင်းရှင်းပြောရရင် ဒါတင်တာက ကြံ့ခိုင်ရေးကနေ တင်လာတဲ့ကိစ္စပေါ့၊ အဲ့တော့ဆိုချင်တာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားကြမယ်လို့ပြောရင်းနဲ့ တပ်ရဲ့ အခြေခံနယ်နိမိတ်ကိုပိုပြီးတော့ ချဲ့ထွင်လာမယ့် ချဲ့ထွင်လာချင်တဲ့ ရည်ရွယ်ချက်မျိုးကို ဦးတည်လေသလားလို့ စဉ်းစားရမယ့်အနေအထားမျိုးမှာရှိလာပြီ"

NLD ပါတီဘက်က အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဦးအောင်ကြည်ညွန့်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် တစ်ဦးဖြစ်ပါတယ်။ ဒီပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့အတွက် လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူလည်းဖြစ်ပါတယ်။

သူက NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ် ပေါ်ပေါက်လာပြီး လွှတ်တော်မှာ အဆုံးအဖြတ်ပြုနိုင်မယ့်အဆင့်အထိ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကိစ္စအပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီဘက်က ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့လည်း ပါတီတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အနိုင်ရရှိဖို့ တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းသွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။

ရွေးကောက်ပွဲအတွက် မဟာဗျူဟာကျကျ စနစ်တကျပြင်ဆင်နေတယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ဟာ ရွေးကောက်ပွဲကို မဟာဗျူဟာကျကျ စနစ်တကျ ပြင်ဆင်နေပါတယ်၊ အဲဒါကို ကျွန်တော်တို့ ဗဟိုကပြင်ဆင်မှာပါ၊ သို့သော် တိုင်းနဲ့ပြည်နယ်အလိုက် သီးခြားလိုအပ်ချက်တွေရှိမယ် အထူးတင်ပြချက်တွေ ရှိမယ် အဲဒါတွေကို ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ်တွေကနေပြီးတော့ တင်ပြပေးဖို့ ကျွန်တော်တို့ တောင်းဆို ထားပါတယ်၊ အဲဒီတောင်းဆိုတဲ့အချက်တွေအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ဟာ နိုင်ငံတစ်နိုင်ငံလုံးနဲ့ အခုကျင့်သုံးမယ့် မဟာဗျူဟာကို ကျွန်တော်တို့ ရေးဆွဲအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ"

မဲရုံတွေကို တပ်ထဲမှာ ထားရှိတာနဲ့ပတ်သက်လို့လည်း ပါတီအနေနဲ့ အရင်အတိုင်းပဲ ဆက်လက်ကန့်ကွက်သွားမယ် လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံသွားမှာ အားလုံးက အညီအမျှပဲဖြစ်စေချင်တယ်၊ အဲဒီတပ်မဲနဲ့ ပတ်သက်လို့ရှိရင် တပ်ထဲမှာ မဲရုံလုပ်တာကအစ ကျွန်တော်တို့ သဘောမတူနိုင်ဘူး၊ ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲ ကာလတိုင်းမှာ ကန့်ကွက်ခဲ့တယ် မအောင်မြင်ခဲ့ဘူး၊ ဒါပေမဲ့ အခုရောဆိုတော့ ဒီကိစ္စက ဥပဒေကြောင်း ပြဿနာမို့လို့ ဆက်ပြီးတော့ ဒီအတိုင်းပဲ ရပ်တည်ပြီး တောင်းဆိုရမှာပဲ"

တိုင်းရင်းသားဒေသတွေမှာ လက်ရှိ တိုင်းရင်းသားပါတီတွေအနိုင်ရနေပေမယ့် NLD ပါတီအနေနဲ့ ကြောက်ရွံ့ စိုးရိမ်နေမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာယှဉ်ပြိုင်မှုက အပြည့်အဝရှိနေမှာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

တပ်မတော်ဟာ ပါတီမဟုတ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ဥပဒေကြောင်းအရ အားပြိုင်စရာ အကြောင်းမရှိဘူးလို့ ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ ပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီအစည်းအဝေးကနေ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အဖွဲ့ချုပ်ဝင်တွေအကြား ညီညွတ်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးစတဲ့ လုပ်ငန်းစဉ် ၃ ချက်ကိုချမှတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စွမ်းရည်မြှင့်သင်တန်းတွေပေးဖို့၊ တွေ့ဆုံပွဲတွေပြုလုပ်ပြီး ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောက်ရွက်ဖို့၊ လယ်ယာမြေကိစ္စတွေအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ကို တိုက်တွန်းဖို့၊ ရွေးကောက်ပွဲအတွက် မဟာဗျူဟာရေးဆွဲဖို့နဲ့ တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းဖို့ စတဲ့အချက်တွေကို ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။