NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
2012.06.01

ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်က လူမှုရေးသိပ္ပံဌာန ပါမောက္ခ “ဗူသီ - ဆက်သီယိုနို” က ဒီမိုကရေစီရေးရာ ကျင့်စဉ်တွေကို ရှင်းလင်းပို့ချပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်းမြှင့်တင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲလုပ်တာပါ။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီကျင့်စဉ်များရဲ့ အယူအဆ၊ ဒီမိုကရေစီဝါဒ အခြေခံတဲ့ တန်ဖိုးများ၊ နိုးကြားတက်ကြွတဲ့ နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်လာဖို့ အဲတာတွေကို ကျွန်တော်တို့ ဝပ်ခ်ရှော့ ပုံသဏ္ဌာန်ပေါ့လေ၊ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"
ဒီဆွေးနွေးပွဲနဲ့ သင်တန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ NLD က ကြီးမှူးကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၆ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။