ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ဖို့ NLD ညီလာခံမှာ သဘာပတိ တိုက်တွန်း
2018.06.23

ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး ဆောင်ရွက်သွားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ သဘာပတိအဖြစ်ဆောင် ရွက်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ MCC ခန်းမမှာ စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့တာဖြစ်ပါတယ်။
"အချင်းချင်းအပြန်အလှန် ယုံကြည်လေးစားမှု၊ သဘောထားကြီးမှု၊ သည်းခံခွင့်လွှတ်မှုနဲ့ ဆက်လက်ပြီးတော့ လက်တွဲဆောင်ရွက်ရင်း အဖွဲ့ချုပ်ရဲ့ သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာတန်ဖိုးတို့ကို ထိန်းသိမ်းခြင်းနဲ့ ပိုမို မြင့်မားအောင် ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်ကြရမှာ ဖြစ်သလို တစ်ဖက်မှာလည်း ပါတီရဲ့ အားသာချက် အားနည်းချက်တွေအပေါ်မှာ အချင်းချင်း အမြင်မတူမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါကလည်းပဲ ပါတီရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို ရှေ့ရှုဦးထိပ်ပန်ဆင်ပြီးတော့ ကျနော်တို့အားလုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်"
ညီလာခံကနေ ရွေးချယ်တာဝန်ပေးခံရတဲ့သူတွေအနေနဲ့ နေရာပေးတာမဟုတ်ဘဲ တာဝန်ပေးတာဖြစ်တယ်လို့ မှတ်ယူပြီး ဆောင်ရွက်သွားကြဖို့လည်း ပြောခဲ့ပါတယ်။
နိုင်ငံတော် အစိုးရရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့၊ အင်အားပြည့် ဝပြီး ခိုင်မာတောင့်တင်းတဲ့အဖွဲ့အဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့၊ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အချင်းပြည့်ဝပြီး နိုင်ငံ့အကျိုး သယ်ပိုး ဆောင်ရွက်နိုင်ဖို့ စတဲ့အချက်တွေကို ရည်ရွယ်ပြီး ညီလာခံ ကျင်းပ တာဖြစ်ကြောင်းလည်း သဘာပတိမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ညီလာခံအခမ်းအနားကို ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တွေနဲ့ ပါတီဝင် ၁၂ဝဝ ကျော် တက်ရောက်ခဲ့ကြပေမယ့် ညီလာခံကို ပျက်ကွက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
နှစ်ရက်ကြာ ကျင်းပမယ့် ဒီညီလာခံမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖဲ့ွရဲ့ နိုင်ငံရေးအစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာ၊ ပြည်နယ်နဲ့တိုင်းအလိုက် ပါတီဗဟိုကော်မတီဝင်တွေ၊ အရံ ဗဟိုကော်မတီဝင်တွေကို ရွေးချယ် သွားမှာဖြစ်ပါတယ်။