ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမည်


2018.06.24
nld-congress-press-622.jpg NLD ပါတီ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က ကျင်းပစဉ်
Photo: Htet Arkar/ RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူတွေ ထိခိုက်မူ၊ ပွန်းပဲ့မူ အနည်းဆုံးဖြစ်တဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ က ပြောပါတယ်။

ရန်ကုန်မြို့ MCC ခန်းမမှာ နှစ်ရက်ကြာကျင်းပတဲ့ NLD ပါတီ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံအပြီး ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အခုလို ပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျနော် ဘယ်ပုံဘယ်နည်းများနဲ့ ပြင်ပါတယ်ဆိုတာ ပြည်သူတွေကို မထိခိုက်တဲ့၊ ပြည်သူတွေ ပွန်းပဲ့မှုအနည်းဆုံးဖြစ်နိုင်တဲ့ ကျနော်တို့ရဲ့ မူဝါဒဖြစ်တဲ့ ကျနော်တို့တတွေဟာ တည်ငြိမ်အေးချမ်းစွာနဲ့နော် ကျနော်တို့ နိုင်ငံရေးလမ်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းဆိုတဲ့ နည်းလမ်းကိုပဲ သုံးမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီနေ့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေတာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ ပါပါတယ်၊ အဲဒီတော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးညီလာခံကြီးကနေ ချမှတ်လာမယ့် မူတွေပေါ်မှာ မူတည်ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ပြည်ထောင်စုအစိုးရဆိုတာ သဘောတူ ညီပြီးလို့ရှိရင် အဲဒီမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ပါပါတယ်"

ဒါ့အပြင် ပြည်ထဲရေးက အစိုးရလက်အောက်မှာ ရှိသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ၂၀၀၈ ဖွဲ့စည်းပ အခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ အချက်တွေထဲမှာ အဲဒီအချက်လည်း ပါဝင်ကြောင်း၊ ပြည်ထဲရေးတာဝန်ရှိသူကို ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ပိုင်ခွင့်ရှိတဲ့အတွက် ကိုင်တွယ်ရ ခက်ခဲတာတွေရှိကြောင်း၊ ဒါပေမဲ့ NLD ကိုယ်စားလှယ် အများစု ရှိတဲ့ လွှတ်တော်အနေနဲ့ အစိုးရကို စောင့်ကြည့်ထိန်းသိမ်းတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးရဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး အဂတိကင်းစင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်သွားမယ်လို့ NLD ပါတီ ခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့ လုပ်ဆောင်နေတာတွေရှိသလို မြေယာမူဝါဒ ချမှတ်ပြီး တောင်သူတွေ သိမ်းဆည်းခံရတဲ့ မြေယာတွေ ပြန်ရရေး ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက တချို့ အရပ်ဖက်အဖွဲ့တွေ ဝေဖန်နေကြသလို ဒီမိုကရေစီ နောက်ပြန်ဆုတ်သွားပြီဆိုတာမဟုတ်ဘဲ တိုးတက်နေကြောင်းနဲ့ ပြည်သူတွေ စီးပွားရေးလိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ သိထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

ဒီညီလာခံမှာ ပြည်နယ်တိုင်းဒေသအသီးသီးက ရွေးချယ်ထားတဲ့ ဗဟိုကော်မတီဝင်အသစ် ၄၂ ဦးနဲ့ အရံဗဟိုကော်မတီဝင် ၃၂ ဦးကို အတည်ပြုခဲ့သလို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် CEC အသစ်တွေကိုလည်း ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမူဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ အပြောင်းအလဲရှိမယ်ဆိုတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အပြင်မှာ သတင်းထွက်နေသလို ဗဟိုကော်မတီဝင်တွေကို အိတ်ပိတ်စာနဲ့ အထက်က ချပေးတဲ့ပုံစံအတိုင်း ရွေးချယ်ခဲ့တာမဟုတ်ဘဲ ပြည်နယ်နဲ့ တိုင်းတွေက တင်ပြလာတဲ့ သူတွေကိုသာ ခန့်အပ် အတည်ပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီညီလာခံက ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ် ငါးခုရှိပြီး ပထမတစ်ခုကတော့ အစိုးရရဲ့ ဦးစီးပေးလုပ်ငန်းရပ် ၃ ခုကို အောင်မြင်အောင် အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ တရားဥပဒေစိုးမိုရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး၊ NLD ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒနဲ့လမ်းစဉ်တွေကို ဝန်းရံရေး စတာတွေပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။