ဒီမိုကရေစီအင်အားစုနဲ့ နီးစပ်အောင် တပ်မတော် ကြိုးစားလာပြီလို့ သူရဦးတင်ဦးပြော
2017.03.27

တပ်မတော်ဟာ ပျော့ပြောင်းညင်သာတဲ့ လမ်းကို ပြောင်းလဲလာနေပြီဖြစ်ပြီး ဒီမိုကရေစီအင်အားစုဘက်ကို နီးစပ်အောင် ကြိုးစားလာပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦး က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ဖက်ဆစ်တော် လှန်ရေးနေ့ အခမ်းအနားမှာ ပါတီနာယက သူရဦးတင်ဦး က ပြောခဲ့တာဖြစ်ပါတယ်။
"တပ်မတော်နေ့ သဘောထားကြေညာချက်ထဲမှာ ရှေ့သို့လည်းပဲ လက်ရှိ ရှိနေတဲ့ အစိုးရအဖွဲ့အစည်းနဲ့တကွ နောက်ဒီမိုကရေစီနည်းအရတက်လာမယ့် အဖွဲ့အစည်းများအားလုံးကို သူတို့ဟာ အစဉ်လေးစားလိုက်နာစွာဖြင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောထားရဲ့ သဘောတူညီချက် သဘောမျိုးတွေကို အခု သူတို့ပြောလာတဲ့ အခြေအနေရောက်လာတာကို ကျနော်တို့တွေ့မြင်ရတာဖြစ်ပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအောင်မြင်ရေး လတ်တလောဦးတည်ဆောင် ရွက်နေကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်တို့ ညီညီညွတ်ညွတ် ပေါင်းစပ်ပြီး တိုင်းရင်းသားမျိုးနွယ်စု အားလုံး ပါဝင်တဲ့ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြဖို့ သူရဦးတင်ဦးက တိုက်တွန်းခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံရေးပါတီတချို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ပြီး ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ သံတမန်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။