ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဥပဒေနဲ့ အညီဆောင်ရွက်ဖို့ တပ်မတော်ပြော


2019.03.27
general-soewin-622.jpg ၇၄ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိန့်ခွန်းပြောကြားစဉ်
Photo: www.cincds.gov.mm

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လူအများညီလို့ ဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။

NLD ပါတီက ဦးဆောင် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ၇၄ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားတာပါ။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက မပြီးသေးတဲ့အတွက် ထပ်မံပါဝင်လာမယ့် အချက်တွေကို ခြုံငုံဆောင်ရွက်မှသာ အခြေခံဥပဒေပြင်ဆင်ရေးကို ပိုမိုလေးနက်စေမယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

"ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒအရ ဥပဒေနဲ့အညီ စည်းကမ်းတကျ လိုက်နာလိုက်ပါ လုပ်ဆောင်ခြင်းဖြစ်တယ်၊ လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားရမယ်၊ လူအများညီလို့ ဤ ကို ကျွဲ ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့အညီ စည်းကမ်းတကျ လုပ်ဆောင်ချင်သူများအတွက် အခက်အခဲဖြစ်စေသလို တည်ငြိမ်အေးချမ်းမှုပါ ထိခိုက်လာတယ်ဆိုတာ သမိုင်းဖြစ်ရပ်များ၊ အဖြစ်အပျက်များအပေါ်မှာ သင်ခန်းစာယူဖို့လိုတယ်"

NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ ဆောင်ရွက်နေပေမယ့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အဲဒီကော်မတီဟာ ဖွဲ့စည်းပုံ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ထားတာရှိပါတယ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားချက်နဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်၊ ဦးဉာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အလားတူ ဖဲ့ွစည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကလည်း ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။ အဲဒီကော်မတီက လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ သူ့အနေနဲ့ ဒုတပ်ချုပ်ရဲ့ ပြောကြားချက်ကို မလေ့လာရသေးတာကြောင့် မပြောနိုင်ကြောင်း ငြင်းဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ NCA လက်မှတ်ရေးမထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ NCA ထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ဖို့ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

"တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်လာစေဖို့ မတရားတာတွေမဖြစ်စေဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်တာများ ဆောင်ရွက်ကြဖို့ ထပ်မံ ပြောကြားလိုပါတယ်၊ ပြင်ပ ပရောဂကြောင့် တည်ငြိမ်မှု ပျက်ပြားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေချိန်မှာ AA သောင်းကျန်းသူများရဲ့ အကြမ်းဖက်လုပ်ဆောင်မှုဟာ ဒေသတွင်းပြည်သူများနှင့် ဒေသ အကျိုးစီးပွားကိုပါ ထိခိုက်စေမှာဖြစ်တယ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော် အနေနဲ့ မည်သည့် လက်နက်ကိုင် သောင်းကျန်းသူမဆို ရှင်းလင်းရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်"

ဒါ့အပြင် NCA ကတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ဆွေးနွေးပြီး ပြည်ထောင်စု သဘောတူညီချက် ချုပ်ဆိုနိုင်တဲ့အထိ တဆင့်ချင်း အချိန်သတ်မှတ် ဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ တပ်မတော်နေ့အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတက်ရောက်နိုင်တဲ့အကြောင်းကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မနေ့က ရုံးဆင်းတဲ့အချိန်မှာ ခြေထောက်ချော်သွားတဲ့အတွက် ဒူးခေါင်းနာနေလို့ဖြစ်ပါတယ်၊ တပ်မတော်နေ့ အခမ်းအနားက ၁ နာရီခွဲ ၂ နာရီနီးပါး မတ်တပ်ရပ်ရတဲ့အတွက်ကြောင့်မို့ပါ၊ တခြားကိစ္စမရှိပါဘူး၊ ကျန်းမာရေးကိစ္စမှာလည်း ဒူးခေါင်းနာတဲ့ ကိစ္စက သိပ်ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး"

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ အဆိုအရ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် အရင်ကလည်း တပ်မတော် ဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာမှာ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးက ရုတ်တရက် မိန့်ခွန်းဝင်ရောက်ပြောဆိုခဲ့ဖူးတဲ့ သာဓကရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ တပ်မတော်နေ့မှာ အရင်နှစ်တွေကလို တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ ယန္တယားတပ်တွေ၊ လေကြောင်းရန် ကာကွယ်ရေးစတဲ့ လက်နက်စနစ်တွေ ပြသခဲ့တာမရှိဘဲ လေကြောင်းပျံသန်းမှု ဆောင်ရွက်ပုံကိုတော့ ပြသခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ တပ်မတော်နေ့ကို အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကိုလည်း တပ်မတော်ဝတ်စုံတွေနဲ့ လာရောက်ကြတာလည်း တွေ့ရပါတယ်။

NCA ကတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ဆွေးနွေးပြီး ပြည်ထောင်စု သဘောတူညီချက် ချုပ်ဆိုနိုင်တဲ့အထိ တစ်ဆင့်ချင်း အချိန်သတ်မှတ် ဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင်တာကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားတာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။